မြန်မာနိုင်ငံ၏ ကျော်ကြားလှသော ကျိုက်ထီးရိုးစေတီတွင် နောက်ဆုံးပေါ် တိုင်းရင်းဆေး အဖြစ်သုံးသည့်သားရိုင်းတိရစ္ဆာန် ဆင်သားရေကို ရောင်းဝယ်နေကြ ကြောင်း AFP သတင်းတပုဒ်က ဖော်ပြသည်။ကျိုက်ထီးရိုးစေတီရှိ ဆိုင်တန်းများတွင် ဆင်စွယ်၊ ကျားစွယ်မှသည် ဝက်ဝံဆီ ပုလင်းငယ်များ အထိ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်နေကြကြောင်းလည်း ဆိုသည်။
“ဆင်သားရေက နှင်းခူလို အရေပြားရောဂါတွေကိုပျောက်ကင်းစေတယ်” ဟု အမည် မဖော်လိုသော ဆိုင်ရှင်တဦးက ဖြူကောင်ဆူးများ၊မြွေအရေခွံများ အပြည့်ရှိနေသည့် ကောင်တာအနီးတွင် ပြောကြောင်း AFP သတင်းက ဆိုသည်။
“ဆင်သားရေ အပိုင်းအစလေးတွေကို မြေအိုးထဲမှာ ထည့်ပြီးမီးရှို့လိုက်၊ အဲဒီပြာကို အုန်းဆီနဲ့ ရောပြီး နှင်းခူကို လိမ်းလိုက်” ဟု သူက ဆက်ပြောသည်။
၁စတုရန်းလက်မလျှင် ၅၀၀၀ ကျပ်ဟု ရေးထားသော ဈေးနှုန်းကတ်ပြား ချိတ်ထားကြောင်း သတင်းက ဖော်ပြသည်။အနီးတွင်ရှိလူငယ်တဦး ကလည်း ဆင်သွားမှုန့်ဖြင့် ဖော်စပ်ထားသော ဆေးသည် မှဲ့ခြောက်၊ တင်းတိပ်ပျောက်ကင်းစေကြောင်း ပြောပြီး သူ၏ ပစ္စည်းများကို ရောင်းချရန် ကြိုးစားနေကြောင်းလည်းဆိုသည်။
ဆင်စွယ်၊သားရေ နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဝယ်ယူသူ များလာသောကြောင့် မြန်မာနိုင်ငံတွင် တရားမဝင် ဆင်ပစ်ခတ် သတ်ဖြတ်ခြင်းမှာ မကြာသေးမီနှစ်များ အတွင်း ဆယ်ဆတိုးလာသည် ဟုအစိုးရက ပြောဆိုထားသည်။
သားရေကို တိုင်းရင်းဆေး အတွက်နှင့် လက်ဝတ်ရတနာ ပုတီးပြုလုပ်ရန် သုံးလာကြသောကြောင့် အရေခွံဆုတ်ထားသော ဆင်သေများကို ပို၍ ပို၍ တွေ့လာရကြောင်း AFP သတင်းက ဆိုသည်။
အချို့ကို ပြည်တွင်းဈေးကွက်တွင် ရောင်းသော်လည်း အများစုမှာ မည်သည့်အခါမျှ မပြည့်ဝသည့် အိမ်နီးခြင်း တရုတ်နိုင်ငံ၏ သားရိုင်းတိရစ္ဆာန် တပ်မက်မှုကို ဖြည့်ဆည်းရန် တင်ပို့ကြရသည်။
မြန်မာနိုင်ငံ၏ ဆင်ရိုင်း အရေအတွက်မှာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ထက်ဝက်ကျဆင်းကာ အကောင်ရေ ၂၀၀၀ နှင့် ၃၀၀၀ ကြားသာ ရှိတော့သည်။
ဆင်အချို့ကို ခရီးသွားလုပ်ငန်း၌ သုံးရန် အိန်နီးခြင်း ထိုင်းနိုင်ငံသို့ အရှင် ခိုးထုတ်ကြကြောင်းလည်း သတင်းက ဆိုသည်။
“ကျနော်တို့ အကျပ်အတည်း ဖြစ်နေတယ်။ ဒီလောက်နှုန်းနဲ့ ဆင်တွေ ဆုံးရှုံးနေရင် ဆင်မျိုးပြုတ်ဖို့ သိပ်မလိုတော့ဘူး” ဟု သားရိုင်းတိရစ္ဆာန် ထိမ်းသိမ်းရေး အဖွဲ့ (Wildlife Conservation Society) မှ ဒေသဆိုင်ရာ အကြံပေး Antony Lynam က AFP သို့ ပြောသည်။