လာမည့် ဇန်နဝါရီ ၂၈ ရက်တွင် ကျရောက်မည့် တရုတ် နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ လမ်းညွှန် မှုဖြင့် ရန်ကုန်မြို့တွင် ပထဦးဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒါက ပထမဆုံး အကြိမ်ပါ။ အရင်နှစ်တွေတုန်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ကြတာ။ မင်္ဂလာ ရွှေကြက်နှစ်ကို တရုတ် တန်းမှာ နှစ်သစ်ကူးပွဲ ကျင်းပမယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်တာဝန်ပေးချက်အရ လုပ်ကြတာ” ဟု မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့ တရုတ်နှစ်သစ်ကူး ပွဲတော်ကို လာမည့် ဇန်နဝါရီ ၂၈ ရက်တွင် မနက် ၅ နာရီမှ ည ၁၀ နာရီအထိ ကျင်းပ မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်းတို့က တက်ရောက်မိန့်ခွန်း ပြောကြားကာ အခမ်းအနား ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ ပွဲတော်ကို ခမ်းနားစွာ ကျင်းပနိုင်ရန် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ တရုတ် အမျိုးသားများ ကုသိုလ်ဖြစ်အသင်း၊ မြန်မာနိုင်ငံ ကွမ်ကျိုးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် အသင်းချုပ်၊ မြန်မာနိုင်ငံ ဖူကျန့် အမျိုးသားအသင်းချုပ်နှင့် ရန်ကုန်ယူနန်အသင်းတို့က ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းရုံးရှေ့ မင်္ဂလာမဏ္ဍပ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယခုအချိန် ကတည်းက မီးပုံး အလှတပ်ဆင်ခြင်းများ၊ မဏ္ဍပ်တည်ဆောက်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးနေ့ ( ဇန်နဝါရီ ၂၈ ရက် ) မနက် ၅ နာရီတွင် ရွှေသံလွင် ကုမ္ပဏီလီမိတက်က ကမကထပြုကာ လမ်းမတော်မှ ရွှေတိဂုံ ဘုရားလမ်းတလျှောက် ရပ်ကွက် ၈ ခုမှ ရပ်ကွက်သူ၊ ရပ်ကွက်သားများက သံဃာတော်နှင့် သီလရှင် အပါး ၁၀၀၀ ကို အရုဏ်ဆွမ်း လောင်းလှူမည် ဖြစ်သည်။
ပွဲတော်နေ့တွင် တရုတ်တန်းတလျှောက်၌ မီးပုံး ၃၀၀၀ ကျော် အလှဆင် ထွန်းညှိထားမည်ဖြစ်ကာ ဘုရားလမ်း၊ မောင်ခိုင်၊ စဥ့်အိုးတန်း ၊ လသာနှင့် လမ်းမတော်ရှိ မဏ္ဍပ်များတွင် ခင်္သြေ့ နဂါး အကအလှများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေမည်ဖြစ် ကြောင်း၊ မဏ္ဍပ်များရှိရာ လမ်းတလျှောက်တွင် ရိုးရာ အစားအသောက်ဆိုင်များ၊ ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများ ပြသထား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ဦးဝင်းမြင့်က “မြန်မာ- တရုတ်ရဲ့ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုခိုင်မာ အဓွန့်ရှည်ဖို့၊ တချိန်က အင်မတန် လှပသာယာတဲ့ ရန်ကုန်မြို့ရဲ့ ပုံရိပ်ကို ပြန်ပြီး ဖော်ဆောင် တည်ဆောက်ဖို့ပါ။ ဒီလို လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ်။ ဒါဆိုရင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို တဖက်တလမ်းက အထောက်အကူ ပြုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ပါတယ်” ဟု ဆိုသည်။