ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေး ကြောင်း သိရသည်။
ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို ဖေဖော်ဝါရီလကုန်၌ ကျင်းပနိုင်ရန်နှင့် နိုင်ငံရေး ရလဒ်တခု ထွက်ရှိသည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ရေး အတွက် ပြောဆို ဆွေးနွေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဓိက ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့နဲ့ လုပ်ငန်းစဉ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ကျနော်တို့ အောင်အောင်မြင်မြင်နဲ့ လိုအပ်တဲ့ နိုင်ငံရေးရလဒ်တွေ ထွက်အောင် ဘယ်လို ကျင်းပမလဲ ဆိုတဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း အဲဒါကို တိုင်ပင်တာဖြစ်တယ်”ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မီဒီယာများကို ပြောသည်။
နေပြည်တော်ရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန(NRPC) ၌ ယနေ့တွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးထား သည့် အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အထက်ပါအတိုင်း မီဒီယာများကို ပြောဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရန်အတွက် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ၌ ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“PPST က ဇန်နဝါရီလ ၁၀၊ ၁၁ ရက် လော်ခီးလာမှာလုပ်တဲ့ အရေးပေါ် အစည်းအဝေးကနေပြီးတော့ ဒီ ၂၀၁၇ မှာ အရေး အခင်း အဖြစ်အပျက်တွေက များတယ်။ ဒါကြောင့် ၂၀၁၇ နှစ်ဦးမှာ အကြီးအကဲတွေနဲ့ တွေ့သင့်တယ်ပေါ့။ ဒါကြောင့် ၅ ဦး ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ၆ ဦး ဖြစ်သွားပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပြသည်။
ယခုကိုယ်စားလှယ်အဖွဲ့ကို ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခေါင်းဆောင်ခဲ့ခြင်း ဖြစ်ပြီး နိင်ငံအကြီးအကဲများနှင့် လာရောက် တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်အရ ၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်ရ မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆို ထားသည့်အတိုင်း ပူးပေါင်း ဆောင်ရွက်ရန် လာရောက်တိုင်ပင်ခြင်း ဖြစ်ကြောင်း PPST အဖွဲ့က ပြောသည်။
ဒုတိယအကြိမ် ပင်လုံညီလာခံကို ဖေဖော်ဝါရီလကုန်တွင် ကျင်းပရန် မျှော်မှန်းထားကြောင်းနှင့် ထိုသို့ကျင်းပနိုင်ရန် လူမျိုး အလိုက်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဒေသအလိုက် ဆွေးနွေးပွဲများကို မကြာမီ ထားဝယ်မြို့၌ ကျင်းပသွားရန်ရှိကြောင်းလည်း သိရသည်။
ထို့အတူ ပအို့ဝ်၊ ချင်းပြည်နယ်တို့တွင် လူမျိုးအလိုက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဒေသအလိုက် ဆွေးနွေးပွဲများကို ဧရာဝတီ တိုင်း၌ ကျင်းပရန် ရှိကြောင်း၊ ထိုသို့ ကျင်းပပြီးချိန်တွင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ခေါ်ယူနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
“ဒီနေ့ မွန်းလွဲ ၂နာရီမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဦးမှာပါ။ အမှုအခင်းကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တပ်မတော်က ပါဝင်ပတ်သက်နေတဲ့ မြောက်ပိုင်းတိုက်ပွဲကိစ္စတွေ ပါမယ်။ နောက်ပြီး အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို စစ်အရှိန်လျှော့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲမှာ ပါလာအောင်။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့ထဲမှာပါလာအောင် ဝိုင်းဝန်းအဖြေရှာကြဖို့ ဒါကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ ပါဝင်မှုသည်လည်း တပ်မတော်နှင့် တရုတ် ကိုယ်စားလှယ်များကြား ဆွေးနွေးညှိနှိုင်းမှုပေါ် မူတည်၍ လမ်းပွင့်သွားမည်ဟု ယူဆကြောင်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပွင့်သွားပါက စစ်ရေးပဋိပက္ခ နည်းသွားနိုင်ကြောင်း လည်း ၎င်းက ပြောဆိုသည်။