ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ အသက်အကြီးဆုံး ဆင်မကြီးမိုမိုဟာ နှစ်ပေါင်း ၅၀ ကျော်လောက် ဧည့်သည်တွေကို ဖျော်ဖြေပေးပြီးတဲ့နောက် အနားယူလိုက်ပြီ ဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ ဝန်ထမ်းများက ပြောပါတယ်။
ရန်ကုန်တိရစ္ဆာန်ရုံကို လာလည်တဲ့ ဧည့်သည်တွေကို စည်းချက်အတိုင်း တင်ပါးလှုပ်ရမ်း ကပြတတ်တဲ့ အသက် ၆၄ နှစ်အရွယ် အပျိုကြီးမိုမိုကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ သူ့ရဲ့ မနှစ်က မွေးနေ့ပြီးကတည်းက အနားပေးလိုက်တာ ဖြစ်ပေမယ့် တိရစ္ဆာန်ဥယျာဉ်က ဒီအကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်းတွေတော့ မလုပ်ခဲ့ပါဘူး။
ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၁ နှစ်မြောက် အခမ်းအနားမှာတော့ တိရစ္ဆာန်ဥယျာဉ်ရဲ့ အရာရှိတယောက်က မိုမို အနားယူထားတဲ့ သတင်းကို ပြောပြတာ ဖြစ်ပါတယ်။ မိုမိုကို အနားပေးလိုက်ပြီ ဖြစ်ပေမယ့်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပဲ ဆက်လက်စောင့်ရှောက်ထားမှာ ဖြစ်တယ်လို့ ှ စီမံမန်နေဂျာ ကိုမျိုးကျော်သူက ဧရာဝတီကို ပြောပါတယ်။
ရန်ကုန်တိရစ္ဆာန်ရုံမှာ မိုမိုအပါအဝင် ဆင်အားလုံးပေါင်း ၉ ကောင် ရှိပြီးတော့ မိုမိုကို ရုံမှာပဲသူ့သူငယ်ချင်းတွေနဲ့အတူ သက်တမ်းပြည့် စောင့်ရှောက်ထားမှာ ဖြစ်တယ်လို့ ကိုမျိုးကျော်သူ ဖြည့်စွက်ပြောပါတယ်။ မိုမိုကို စောင့်ရှောက်ခဲ့တဲ့ ဆင်ထိန်းတွေ တယောက်ပြီးတယောက် အနားယူသွားကြပေမယ့် မိုမိုကတော့ ကျန်းကျန်းမာမာ ရှိနေသေးတယ်လို့ သူကဆိုပါတယ်။
ဆင်မကြီး မိုမိုကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေ ဦးခွန်ဆန်ဒါက တိရစ္ဆာန်ဥယျာဉ်ကို ၁၉၆၁ ခုနှစ်မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မိုမိုသည် ပြည်သူ့အချစ်တော်အဖြစ် ကလေးတွေကြားမှာ သိပ်ရေပန်းစားခဲ့ပြီး “မိုမိုရေ…..ဝူး” ဆိုပြီး ဆိုစမှတ် ရှိခဲ့တာ ဖြစ်ပါတယ်။ မိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ သင်္ကေတဖြစ်လာခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်ရဲ့ ကြော်ငြာသီချင်းတွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
မိုမိုဟာ ၁၉၉၀ နောက်ပိုင်းမှာ တရုတ်ပြည်က စွယ်တော် မြန်မာနိုင်ငံကို ပင့်ချီတဲ့ အခမ်းအနားမှာလည်း ဝင်ရောက်ချီတက်ပေးခဲ့ရဖူးပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ ဆင်မကြီးမိုမို အသက် ၆၀ ပြည့်တဲ့ နှစ်ကစပြီး မွေးနေ့ပွဲ နှစ်စဉ်ကျင်းပ ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ မိုမိုကို ဘေးမဲ့တော ဒါမှမဟုတ် ဆင်စခန်းတခုခုဆီ ပို့ဆောင်ပေးဖို့ အစီအစဉ် ရှိမရှိ မေးတဲ့အခါမှာတော့ မေးသောအခါ မိုမိုဟာ တိရစ္ဆာန်ဥယျာဉ်မှာပဲ ကြီးပြင်းခဲ့ရတာကြောင့် ဆင်စခန်းတွေလိုမျိုးမှာ နေဖို့ မဖြစ်နိုင်ဘူးလို့ ကိုမျိုးကျော်သူက ဆိုပါတယ်။
“သူနေခဲ့ရတဲ့ သဘာဝနဲ့ မတူဘူး၊ အဓိက သူအစာမစားတတ်တော့ဘူး။ ကျနော်တို့ဆီမှာ ထားတယ်ဆိုတာက ဆရာဝန်အပြည့်အစုံနဲ့ ထားတယ်၊ တိရစ္ဆာန်ထိန်း အပြည့်အစုံနဲ့ ထားတယ်။ သူ့ရဲ့ဲ ရိက္ခာကို အပြည့်အဝ ပေးထားတယ်” လို့ ကိုမျိုးကျော်သူက ပြောပါတယ်။
ဆင်မကြီး မိုမိုဟာ အသက်အရွယ် ကြီးလာပြီ ဖြစ်တဲ့အတွက် အနားပေးဖို့နဲ့ ဘေးမဲ့တော တခုခုမှာ လွှတ်ပေးဖို့အတွက် တိရစ္ဆာန်အရေးဆောင်ရွက်သူတွေက တိုက်တွန်းကြတာမျိုးတွေလည်း ရှိပါတယ်။ မိုမိုနဲ့ မွေးရက် မွေးလချင်းတူတဲ့ Tiffany Parker အမည်ရှိ အမေရိကန်သူတယောက်ဟာ ရန်ကုန်ကို အလည်လာတဲ့အခါတုန်းက မိုမိုကို သွားရောက်ကြည့်ခဲ့ပြီး မိုမိုကို ဆင်စခန်း ဒါမှမဟုတ် ဘေးမဲ့တောတခုခုမှာ လွှတ်ပေးရေးအတွက် အွန်လိုင်းကနေ အသနားခံစာတခုကို မနှစ်က ကောက်ခံခဲ့ပါသေးတယ်။
“သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်သွားဖို့အတွက် မိုမိုကို ကျေးဇူးပြုပြီး ဘေးမဲ့တောတခုဆီ ပို့ပေးပါ” လို့ သူမက အသနားခံစာမှာ ရေးသားထားပါတယ်။
“မိုမိုဟာ အချုပ်အနှောင်ထဲမှာ ဒီလောက်နှစ်တွေ အများကြီးနေနိုင်ခဲ့တာ အင်မတန် အံ့သြစရာကောင်းပါတယ်။ ဒါကြောင့် သူ့ကို သူနဲ့ထိုက်တန်တဲ့ နားနေခွင့်နဲ့ လွတ်လပ်ခွင့်ပေးပေးပါ “ လို့ သူမက ရေးသားထားပါတယ်။