ရခိုင်ပြည်နယ်မှ ပြဿနာများ ဖြေရှင်းရေးတွင် ကူညီရန် အင်ဒိုနီးရှားနိုင်ငံ၏ အားထုတ်မှု တစိတ်တပိုင်း အနေဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂျကာတာမြို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင် တွေ့ဆုံခဲ့သည်။
“မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စုံလင်ကွဲပြားတဲ့ လူမှု အသိုင်းအဝိုင်းတခုမှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်လို့ လေ့လာရာမှာ အင်ဒိုနီးရှား နိုင်ငံကို ဓာတ်ခွဲ ခန်းတခုလို အသုံးချလို့ ရပါတယ် ဟု Retno Marsudi က ပြောကြောင်း အင်ဒိုနီးရှား သတင်းဌာန အင်တာရာ (Antara) က ရေးသည်။
ထိုသို့ တွေ့ဆုံရာတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီမိုကရေစီ လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်ဒိုနီးရှားနိုင်ငံက ဆက်လက်ကူညီပေးသွားမည်ဆိုသည့် ကတိကဝတ် များကို ထပ်မံပြောကြားခဲ့သည်။
၂၀၀၀ ခုနှစ်လွန်နှစ်များအတွင်း အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အင်ဒိုနီးရှားသည် လူမျိုးစု မငြိမ်သက်မှုများနှင့် ဘာသာရေး အဓိကရုဏ်းများကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ အိမ်နီးချင်းနိုင်ငံတခု အနေဖြင့်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံချင်း အနေဖြင့်လည်းကောင်း အင်ဒိုနီးရှားနိုင်ငံက ရခိုင် ပြည်နယ်မှ ပြဿနာများကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံနှင့် အတူ လုပ်ကိုင်သွားရန် ဆန္ဒရှိကြောင်း သူက ပြောသည်။
“ရခိုင်ပြည်နယ်က ပြဿနာတွေ ဖြေရှင်းရေးမှာ အားလုံးပါဝင်တဲ့ စီးပွားရေးတိုးတက်ရေး လုပ်ငန်းတွေ နဲ့ လူ့ အသိုင်းအဝိုင်း အဖွဲ့ဝင်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ခြင်းကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့ လိုအပ်ပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်က ဟန်ချက်ညီမျှမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ဖန်တီးဖို့ နိုင်မယ့် အခြေအနေ တခုကို ဖန်တီးဖို့ ဖြစ်ပါတယ်” ဟု Retno Marsudi က ထပ်ပြောသည်။
အင်ဒိုနီးရှား အစိုးရက မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီဆောင်ရွက် ပေးခဲ့ ပြီး ဖြစ်သည်ဟု သူကဆိုသည်။
ပြီးခဲ့သည့် ၂ လ အတွင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ ၃ ကြိမ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တကြိမ် သွားရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလမ်အသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်တွင် ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သား သူနာပြုများ ပညာသင်ကြားရေး အစီအစဉ် ရွေ့လျားဆေးခန်းများ ကဲ့သို့သော ကျန်းမာရေး ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံ အသိုင်းအဝိုင်းများကြား တွေ့ဆုံ ဆွေးနွေးရေး ကဲ့သို့ အလယ်အလတ် ကာလနှင့် ရေရှည် အတွက် စွမ်းဆောင်ရည်တည်ဆောက်မှု အကူအညီများကို တိုး မြှင့်သွားရန် စီစဉ်ထားသည်ဟု Retno Marsudi က ပြောသည်။
“ဒီခြေလှမ်းတွေက ကွဲပြား ခြားနားတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု နဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ယုံကြည်မှုနဲ့ ပြည့်စုံတဲ့ အခြေအနေ တခုကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။
အင်ဒိုနီးရှား အစိုးရက ၂ နိုင်ငံ ရဲတပ်ဖွဲ့နှင့် စစ်တပ်များကြားတွင် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် တိုးတက်လာရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေသည်ဟုလည်း သူကပြောသည်။
“အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေ အရဆိုရင် ပရောဖက်ရှင်နယ် ဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အလွန်အရေးကြီးတဲ့ အကာအကွယ်တွေ ဖြစ်ပါတယ်” ဟု Retno Marsudi က ပြောသည်။
ဦးဖေမြင့် နှင့် အတူ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုနှင့် ပြည်နယ်နှင့်တိုင်း အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ အစ္စလမ်နှင့် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ် ကုန်သည်ကြီးများ နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌလည်း လိုက်ပါလာကြသည်။
ခရီးစဉ်ကို Harvard Kennedy School for Democracy နှင့် ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးများတွင် စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ များတိုးမြှင့် ဖလှယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဦးဖေမြင့်ကလည်း အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို လေ့လာရာတွင် မြန်မာနိုင်ငံအတွက် မှန်ကန်သော စာသင်ခန်းတခု ဖြစ်သည် ဆိုသည့် Harvard Kennedy School for Democracy ကိုယ်စားလှယ်၏ အမြင်ကို သူဝေမျှခဲ့ကြောင်း ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ အစိုးရက ပြသခဲ့သည့် ပူးပေါင်းဆောင်ရွက်လိုမှု နှင့် ဒီမိုကရေစီ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပေးအပ်ခဲ့သည့် အကူအညီအမျိုးမျိုးကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ဦးဖေမြင့်က အင်တာရာကို ပြောသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံမှ NGO များနှင့် ဆွေးနွေးပွဲတခု ကျင်းပရန်လည်း စီစဉ်ထားပြီး လူမှုရေး နှင့် ဘာသာရေး ပဋိပက္ခများကို ဖြေရှင်းသည့် အတွေ့အကြုံများကို တိုက်ရိုက်လေ့လာရန် အတွက် Ambon နှင့် Maluku ရှိ လူမှု အသိုင်းအဝိုင်းများထံသို့လည်း သွားရောက်လေ့လာမည် ဖြစ်သည်။
“ဒီအစီအစဉ်က မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အားထုတ်မှုမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကူအညီရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်” ဟု Retno Marsudi က ပြောသည်။