နည်းပညာ အားကောင်းလာသည့် ခေတ်တွင် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကလေးစာပေများ မဖြစ်မနေ လိုအပ်နေကြောင်း သမ္မတ ဦးထင်ကျော်က မန္တလေးမြို့တွင် ယနေ့ ပြုလုပ်သည့် ကလေးစာပေပွဲတော်ကို တက်ရောက်ဖွင့်လှစ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ကလေးငယ်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေ ယိမ်းယိုင် ပျက်စီးစေမဲ့ အရာတွေက ဖျော်ဖြေရေးပုံစံ၊ ဂိမ်းပုံစံနဲ့ ပုံဖျက် ရောက်ရှိလာပါတယ်။ ကလေးတွေရဲ့ အနာဂတ်ဟာ နိုင်ငံရဲ့အနာဂတ်ပါ။ ဒါကြောင့် ကလေးစာပေ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်းစီစဉ်သော ကလေးစာပေ ပွဲတော်တွင် မန္တလေးမြို့မှ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် စာပေအဖွဲ့အစည်းတို့က လာရောက်၍ ကလေးများ သိသင့်သည့် စာပေအကြောင်းအရာ တို့ကို ပြခန်းများ ခင်းကျင်း ပြသထားသည်။
“ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ကလေးစာပေတွေအပေါ်မှာ အများကြီး မူတည်ပါတယ်” ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ကလေးစာပေပွဲတော်တွင် အခြေခံ ပညာကျောင်းများ ကိုယ်စားပြု လာရောက်ပြသသည့် အထက ၂၆ မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကလေးဆိုတာက ရွှေအရိုင်းတုံးလေးတွေပါပဲ၊ ပုံသွင်းထုဆစ်တဲ့ ခေါင်းဆောင်တွေအပေါ် မူတည်ပါတယ်။ တချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်လာမယ့် ကလေးတွေကို အခုကတည်းက လမ်းမှန်ပေါ် တင်ပေးရမှာ။ ရက်ရှည် ကျောင်းပိတ်ရက်တွေမှာ အခုလို ပွဲတော်မျိုး မကြာခဏ ကျင်းပပေးနိုင်ရင် ကောင်းပါတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသည့် ကလေး စာပေပွဲတော်ကို ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ရာ ကလေး အများစု ပါဝင် ဆော့ကစားနိုင်မည့် ကစားနည်း အစီအစဉ်များ၊ ပြဇာတ်နှင့် စာပေ ဟောပြောပွဲများ၊ စာအုပ်ဈေးရောင်း ပွဲ တို့ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။