၂၀၁၅ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သူ ၂၀၇ ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ခုံအဖွဲ့မှ ဇန်နဝါရီ ၂၁ ရက်တွင် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သူ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၅ ဦး၊ ရွေးကောက်ပွဲ ကိုယ်စား လှယ် ၃၂ ဦး စုစုပေါင်း ၂၀၇ ဦး တို့ကို အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာရန်သင့်၊ မသင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံအဖွဲ့က ဇန်နဝါရီ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ စစ်ဆေးသွားမည်ဟု ရွေးကောက်ပွဲခုံရုံးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးညွန့် တင်က ဧရာဝတီသို့ ပြောသည်။
ဦးညွန့်တင်က“ကိုယ်စားလှယ်လောင်း တယောက်က ပြိုင်ပြီဆိုရင် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းရော ရွေး ကောက်ပွဲ ကိုယ်စားလှယ်ရောက သူ့ရဲ့ အသုံးစရိတ်ကို နေ့စဉ်နဲ့အမျှ စာရင်းဇယား လုပ်ထားမယ်ဆိုရင် ကုန်ကျစရိတ်က ၁၀ သိန်း ကုန်ကုန်။ သိန်း ၂၀ ကုန်ကုန်။ ဒီလိုများ တင်လိုက်ရင် ကျနော်တို့ ခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးစရာ မရှိဘူး။ သူတို့ ပျက်ယွင်းတယ်လို့ ခရိုင် ကော်မရှင်က တင်လာလို့သာ ခုံအဖွဲ့ကနေ စစ်နေတာပါ”ဟု ရှင်းပြသည်။
ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်ပါက ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာသွားမည် ဖြစ်ပြီး လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်ထားသည်။
ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း ၁၀၀ ခွင့်ပြုထားပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ် အားလုံးကို ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာသည့်အချိန်မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ခရိုင်ကော်မရှင်သို့ တင်သွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် ပြဋ္ဌာန်ထားသည်။
တသီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၃၈ ခုတို့မှ ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၂၀၇ ဦးတို့သည် ကုန်ကျစရိတ် စာရင်း တင် သွင်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)တို့မှ အများဆုံး ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ခုံရုံး၏ စာရင်းများအရ သိရသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက“ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ငွေစာရင်း ရှင်းတမ်း ဘယ်လို လုပ်ရမယ်။ ဘယ်လိုရေးရမယ်ဆိုတာတွေ သေသေချာချာ မှာထားတာ ရှိပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ အခါကျတော့ ကိုယ်စား လှယ်လောင်းတွေက ပြန်သွားပြီလေ။ ဌာနချုပ်ဆီလည်း မလာနိုင်တဲ့ အခါကျတော့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိတဲ့ မြို့နယ်မှာပဲ ရှင်းပြီး တင်ကြတာပေါ့။ ဘယ်နှစ်ယောက် ပျက်ကွက်လည်း ကျနော် သေချာမသိဘူး”ဟု ပြောသည်။
ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သည့်ပါတီများထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ၁၀ ဦး၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ၅ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ၉ ဦး၊ တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေး ပါတီမှ ၇ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁၀ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)မှ ၁၄ ဦး၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ၃ ဦးတို့ ပါဝင်ကြောင်း သိရသည်။