ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့နယ်အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော် တို့ ဇူလိုင်လ ၂၈ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှ စတင်၍ ညနေ ၃ နာရီကျော် အထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း KIA မှ ဒုဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
ဒုဗိုလ်မှူးကြီး နော်ဘူက “KIA ဘက်က တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂ တပ်တွေကို တပ်မတော် ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းတိုက်လာတာလို့ သတင်းရထားပါတယ်။ ဒီနေ့တော့ အခြေအနေ အတိအကျ မသိရသေးဘူး။ တပ်မတော်ဘက်က ပြန် ဆုတ် သွားတာလား ။ KIA ဘက်က စခန်းတွေကို ရွှေ့သွားတာလား ဆိုတာ ကျနော် ခုထိ သတင်းမရသေးပါဘူး” ဟု ပြောသည်။
TNLA ဘက်မှ ၎င်းတို့၏ တပ်မဟာ ၅ နယ်မြေ ဖြစ်သည့် ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့နယ်ခွဲ၊ ဟိုပုန် ကျေးရွာ အနီးတွင် တပ်မတော်နှင့် နေ့လည် ၁ နာရီမှ စ၍ ညနေ ၆ နာရီဝန်းကျင် အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ KIA မှ ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးက သတင်း ထုတ်ပြန် ထားသည်။