အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုကဏ္ဍ ပထမအဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ယခုလပိုင်းအတွင်းမှာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်ကြမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၊ တရားဝင်နိုင်ငံရေးပါတီ ၊ တိုင်းရင်းသား လူမျိုးစုများ၊ အရပ်ဘက် အဖွဲ့ အစည်းများနဲ့ အခြားပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ကျင်းပရမယ်လို့ နိုင််ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် (Framework For Political Dialogue) မှာ ပြဌာန်း ထားပါတယ်။
ပြဌာန်းချက်များအရ NCA မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ တွေမှာ ပါဝင်ခွင့်မရှိဘူးလို့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။
NCA ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးရမယ်
ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေကလည်း“အခု NCA နဲ့ Framework ရှိတဲ့ အတိုင်းဆိုရင်တော့ NCA ထိုးဖို့ လိုမယ့် သဘောရှိတယ်။အခု Framework က မပြင်ပြီးမချင်း အတည်ဖြစ်တာပဲ။ ဒီ Framework အတိုင်း ဆိုရင် တော့ သူတို့ (NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ) ဦးဆောင်တဲ့ ကဏ္ဍမှာ ရှိဖို့ ခက်မှာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။
ပြဌာန်းချက်များကြောင့် NCA မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ အစိုးရက ပါဝင်ခွင့် ပေးခဲ့မယ်ဆိုရင်တောင် ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူများ ကဏ္ဍက ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ “လေ့လာသူ”အနေနဲ့ပဲ တက်ခွင့်ရမယ့် အနေအထား ဖြစ်နေပါတယ်။
လက်ရှိမှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ညှိနှိုင်း သုံးသပ်ကြရန် ပြင်ဆင်နေပြီလို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
ပြည်တွင်းမှာ အစိုးရနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ့် တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ရှိတဲ့ အနက် ၁၃ ဖွဲ့က အကြောင်း အမျိုးမျိုးကြောင့် NCA လက်မှတ် မထိုးရသေးပါဘူး။
အဆိုပါ ၁၃ ဖွဲ့က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အစုအဖွဲ့က ရ ဖွဲ့ ၊ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ဟောင်း ချုပ်ဆိုပြီးကတည်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင် နိုင်ပြီဖြစ်တဲ့ ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-မိုင်းလား အဖွဲ့ (NDAA) တို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ သီးခြား ရပ်တည်နေတဲ့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN – K) တို့ ဖြစ်ပါတယ်။
နောက်ကျောမလုံတဲ့ အပစ်ရပ်ရေးလား
UNFC က ရ ဖွဲ့ဖြစ်တဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ မွန် ပြည်သစ် ပါတီ (NMSP) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)နဲ့ လားဟူ အမျိုးသား ဒီမိုကရက်တစ် ပါတီ (LDU) တို့က NCA စာချုပ်ကို လက်မှတ်ထိုးလို ပေမယ့် UNFC က ဆုပ်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် ရမယ် ဆိုတဲ့ အချက်ကို အစိုးရက အကောင်အထည် မဖော်ပေးနိုင်သေးတာကြောင့် ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့ ရက္ခိုင့် တပ်မတော်(AA) တို့ကိုတော့ ငြိမ်းချမ်း ရေး မှာ ပါဝင်လိုရင် လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်တဲ့ စာ ထုတ်ပြန်ရမယ်လို့ တပ်မတော်က ပြောဆို ထားတာကြောင့် အစိုးရနဲ့ ညှိနှိုှုင်းရ ခက်ခဲနေပါသေးတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လိုရင် သူတို့ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ကို စွန့်လွှတ်ရမယ်လို့ သဘောပေါက် ထား တာကြောင့် မြောက်ပို်င်းမဟာမိတ် ၃ဖွဲ့ကလည်း တပ်မတော်ရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်တာ ဖြစ်ပါ တယ်။
UNFC အဖွဲ့ဝင်တွေက NCA လက်မှတ် မထိုးနိုင်သေးတဲ့ အချက်များအနက် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ကိစ္စ ကလည်း တချက် အပါအဝင် ဖြစ်နေပါတယ်။
အဲဒီအပြင် UNFC အဖွဲ့ဝင်တွေက တပ်မတော်နဲ့ စစ်ရေး တင်းမာနေတဲ့ မြောက်ပိုင်းအဖွဲ့တွေကို ချန်လှပ်ပြီး တိုက်ပွဲ တွေ ကို လျစ်လျူရှု၊ အပစ်ရပ် လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ မရွေးချယ်ကြပါဘူး။
UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာက“၃ ၊ ၄ ဖွဲ့ကို ချန်ထားရင် ကျနော်တို့နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည် ဆောက်နိုင်ဘူး။ ရိုးသားတဲ့ စေတနာနဲ့ တနိုင်ငံလုံးကို အေးချမ်းချင်ရင်တော့၊ သူတို့ကို ပါဝင်လာအောင် တွဲခေါ်ရမှာပဲ” လို့ ဧရာဝတီကို ပြောဆိုထားပါတယ်။
စက်တင်ဘာလ ၁၀ ရက်ကလည်း UNFC က အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ထောက်ခံကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပေမယ့် အားလုံးပါဝင်ရေး လုပ်ဆောင်ပေးဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တာ တွေ ကို ရပ်တန့်ပေးဖို့လည်း ထည့်သွင်းထားပါတယ်။
အဆိုပါ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် UNFC အဖွဲ့ဝင်တွေက နောက်ကျောမလုံတဲ့ အပစ်ရပ်ရေးကို ရွေးချယ်ဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။
ဝ နဲ့ မိုင်းလားက NCA မထိုးချင်ကြ
UWSA ကိုမူ ယခင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကလည်း NCA ထိုးရန် အစိုးရဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့က UWSA ထိန်းချုပ် နယ်မြေအတွင်းအထိ သွားရောက် ပြောဆိုခဲ့ပေမယ့်လည်း လာရောက် လက်မှတ်ထိုးခဲ့ခြင်း မရှိပါ။
အဲဒီပြင် UWSA က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်မှာ NCA ဟာ သူတိို့ ပါဝင်ရေးဆွဲထားတာ မဟုတ်လို့ ဒေသခံ ဝ လူထုရဲ့ သဘောထား ဆန္ဒ မပါဝင်ကြောင်း၊ သူတို့အနေနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး ဖြစ်လို့ အခု NCA ကို ထပ်မံ ထိုးရင် စာချုပ်ပါ အချက်အလက်တွေအရ နောက်ပြန်ဆုတ်ရမယ့် အခြေအနေ ဖြစ်နေကြောင်း၊ NCA မှာ အားလုံး ပါဝင်ရေး လုပ်ဆောင်ဖို့လည်း လိုအပ်သေးကြောင်း ဆိုတဲ့ စာသားတွေပါ ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန် ခဲ့ပါ တယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ UWSA အနေနဲ့ အစိုးရ အကောင်အထည် ဖော်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို အားပေး ကြောင်း၊ ထောက်ခံကြောင်း ပြောဆိုထားတာကို တွေ့ရပါတယ်။
ဒီ့အပြင် UWSA အနေနဲ့ သူတို့ ‘ဝ’ဒေသနဲ့ မျက်နှာချင်း ဆိုင်ထားတဲ့ စီးပွားရေးအရ နယ်မြေအရ ဆက်စပ် မှီခိုမှု ရှိနေ တဲ့ ယူနန်ပြည်နယ်က မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကိစ္စတွေမှာ အနောက်နိုင်ငံတွေ ပါဝင် ပတ်သက် ခြင်း မရှိစေဖို့ ကတိ တောင်းဆိုထားကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။
ဒါပေမယ့် NCA ဖြစ်ပေါ်လာစေဖို့ လုပ်ငန်း အဆင့်ဆင့်မှာ အနောက်နိုင်ငံတွေက တောက်လျှောက် ပါဝင်ခဲ့လို့ UWSA က NCA ကို လက်မှတ်ထိုးပါက တရုတ်နိုင်ငံ ယူနန်အစိုးရကို ပေးထားတဲ့ ကတိကို ဖောက်ဖျက်ရာ ရောက်နိုင်ကြောင်း လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ရှင်းပြထားတာကို တွေ့ရပါတယ်။
UWSA ဟာ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့လည်း မဟာမိတ် ဆက်ဆံရေး ရှိနေပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ ပြောဆိုချက်အရ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့အနေနဲ့ စစ်အင်အားအရ UWSA အပေါ် မှီခိုမှုတွေ ရှိတယ်လို့ သိရပါ တယ်။
UWSA က တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး အဖွဲ့ပြီး မြို့နယ် ၆ မြို့နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပါတယ်။
စစ်သည်အင်အား တောင့်တင်းပြီး စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကိုယ်ပိုင် ထူထောင်ထားပြီး အစိုးရရဲ့ အာဏာ သက်ရောက်မှု မရှိပါ။
မိုင်းလားအဖွဲ့ NDAA ဟာလည်း UWSA နဲ့ မိတ်ဘက်ဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အနေနဲ့ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
UWSA နဲ့ NDAA တို့က ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၁ ခုနှစ်မှာလည်း အပစ်အခတ် ရပ်စဲရေး စာချုပ်အသစ်ကို ပြည်ထောင်စု အဆင့်ထိ သဘောတူထားကြပါတယ်။
UWSA နဲ့ NDAA တို့ဟာ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ မတူတဲ့ အချက်တွေက သူတို့ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပြီး တရားစီရင်ရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးတွေကို ကိုယ်ပိုင် လုပ်ကိုင်နိုင်တဲ့ အနေအထား မှာ ရှိနေပါပြီ။
ဒါကြောင့် သူတို့က အစိုးရ ဆီကို တောင်းဆိုလိုတဲ့ အချက်တွေက အခြားတိုင်းရင်းသားတွေနဲ့ မတူပါဘူး။
NCA မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိဖို့ အခြေခံ တောင်းဆိုရမယ့် ပထမခြေလှမ်းဖြစ်လို့ ခရီး အတော်ပေါက်နေပြီ ဖြစ်တဲ့ သူတို့ အဖွဲ့ ၂ ဖွဲ့က NCA ကို ထိုးဖို့မလိုဘူးလို့ ယူဆထားကြကြောင်း ဧရာဝတီက စုံစမ်း မေးမြန်းချက်များ အရ သိရပါတယ်။
သူတို့က အရင် အစိုးရတွေ လုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ထိတွေ့မှု မရှိခဲ့ပါဘူး။
အခုအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုမူ ထောက်ခံတဲ့ အနေနဲ့ အဆင့်ဆင့်ပြုလုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ မူအားဖြင့် သဘောတူထား တယ်လို့ သိရပါတယ်။
သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမ အကြိမ်မှာလည်း ဝနဲ့မိုင်းလားက တက်ရောက်ခဲ့ပေမယ့် တိုင်းရင်းသားကိုယ်စားလှယ် ကတ်ပြားအစား လေ့လာ သူ ကတ်ပြားသာ မှားယွင်း ပေးခဲ့တာကြောင့် ဝ ကိုယ်စားလှယ်တွေက ခွဲခြားဆက်ဆံတယ်လို့ ဆိုပြီး ညီလာခံ ကနေ ထွက်ခွာခဲ့ကြပါတယ်။
ဒါပေမယ့် ဝ အဖွဲ့က ညီလာခံကို သူတို့လိုချင်တဲ့ အချက်အလက်တွေ ပါရှိတဲ့ စာတမ်းရှည် တစောင် အစိုးရကို ပေးသွား ပါတယ်။
UWSA ဟာ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ကနေ တိုးမြှင့်ပြီး ပြည်နယ် အုပ်ချုပ်ခွင့် အဆင့် တိုးမြှင့် သတ်မှတ်ပေးဖို့ မကြာခဏ တောင်းဆိုနေပါတယ်။
အစိုးရကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ UWSA ကို ငြိမ်းချမ်းရေး လုပ်ပြီးစဉ်က စပြီး မိုင်းမော၊ ပန်ဆန်း (ပန်ခမ်း) ၊ မက်မန်း ၊ နားဖန်း၊ ပန်ဝိုင် ၊ ဟိုပန် မြို့နယ် ၆ မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပေးကာ အုပ်ချုပ်ခွင့် ပေးထားပါတယ်။
NDAA မိုင်းလား အဖွဲ့ကလည်း ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ သူတို့ကို တရားစီရင်ရေးနဲ့ စီးပွားရေးအရ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပါရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးဖို့ စာတမ်းဖတ်ကြား တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် NDAA ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားမြို့၊ မိုင်းယန်းမြို့ရှိ ဆီလူးဒေသ နှင့် မိုင်းယောင်းမြို့ရှိ နမ့်ပန်း ဒေသ တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပါတယ်။
တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက“ဝရဲ့ကြေညာချက်တွေ ဝ က တင်တဲ့စာတမ်း၊ ဝရဲ့ လက်ရှိ အနေအထားတွေက ဖက်ဒရယ်ကို တောင်းတာ မဟုတ်ဘူး။ ကွန်ဖက်ဒရိတ်ကို တောင်းတာ။ ဝ တို့ မိုင်းလား တို့ တောင်းတာ က ကွန်ဖက်ဒရိတ်။ ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုယ်ပိုင်တရားစီရင်ရေး အားလုံးပေါ့။ အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမယ် ဆိုတဲ့ ပြဿနာပါ”လို့ ပြောဆိုပါတယ်။
ဝ နဲ့မိုင်းလားကို ကွန်ဖက်ဒရိတ် ပေးဖို့အတွက် အစိုးရက လွယ်လွယ်ကူကူ ပေးလိုက်ရင်လည်း အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုလာနိုင်တဲ့ အတွက် အစိုးရကခွွင့်ပြုမယ့်ပုံ မပေါ်ဘူးလို့လည်း ဦးမောင်မောင်စိုး က ဆိုပါတယ်။
“နောက်ဆုံးမရရင် စစ်ပြန်ဖြစ်ကြမလား ဆိုတာအထိ စဉ်းစားထားရမှာပေါ့။ ဝ ကလည်း ကွန်ဖက်ဒရိတ်ကို ဘယ်လောက် အထိ လျှော့နိုင်မလဲ။ သူထိန်းထားတဲ့ တပ်အင်အားနဲ့ တင်းခံနေမယ်ဆိုရင် စစ်ဖြစ်တဲ့ အထိ ရောက်နိုင် တယ်။ ဒီအခြေအနေကို မရောက်ဖို့ အစိုးရက ကြိုးစားပြီး ထိန်းညှိနေတယ်လို့ ထင်ပါတယ်”လို့လည်း ဦးမောင်မောင်စိုး က ပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်က နာဂ အဖွဲ့
NSCN-K ကလည်း အခြား တိုင်းရင်းသား လက်နက်ကိုင်တွေလို နိုင်ငံရေးဦးတည်ချက် ကွဲလွဲပြီး လက်ရှိမှာ အစိုးရ ဆီ ကနေ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးဖို့ပဲ တရားဝင် တောင်းဆိုထားပါတယ်။
သူတို့ကိုလည်း NCA ထိုးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မထိုးခဲ့ပါဘူး။ သြဂုတ်လကုန်ပိုင်းက စတင် ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာလည်း တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
NSCN – K က အိန္ဒိယ- မြန်မာနယ်စပ်မှာ ရှိိတာကြောင့် သူတို့ရဲ့ နိုင်ငံရေးအခြေအနေကလည်း ဗဟိုအစိုးရနဲ့ တနည်း တဖုံ ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရှိသူတွေ ဆိုတာ
လက်ရှိ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ UPDJC မှာ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
UPDJC ရဲ့ အဖွဲ့ဝင်တွေ ကတော့ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး တပ်မတော် (PNLO) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ဖြစ်ပါ တယ်။
UPDJC အဖွဲ့ဟာ NCA ထိုးပြီးတဲ့နောက် နိုင်ငံရေး ဆွေးနွေးပွဲတွေ တာဝန်ယူကျင်းပဖို့ NCA မူဘောင်အရ ဖွဲ့စည်း ထားတဲ့ ကော်မတီဖြစ်တာကြောင့် NCA ထိုးပြီးမှသာ UPDJC မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဦးလှမောင်ရွှေကလည်း “လက်မှတ်ထိုးထားသူတွေက UPDJC Member အဖြစ်နဲ့ UPDJC Member ရဲ့အတွင်းရေးမှူး တွေ လုပ်လို့ရမယ်။ မူဘောင်မှာ အခုထိပြဌာန်းထားတာက UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တွေက ညီလာခံ ကိုယ်စား လှယ် ဖြစ်ရမယ်လို့ ပြောတဲ့အတွက် အခု NCA နဲ့ မူဘောင်ရှိတဲ့အတိုင်းဆို လက်မှတ်ထိုးဖို့ လိုမယ့် သဘောရှိတာပေါ့ ” လို့ ဆိုပါတယ်။
ခြွင်းချက်အနေနဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)ဟာ NCA ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင် လမှာ သူတို့ တပ်ဖွဲ့ဝင် တချို့နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၊ တပ်မတော် တို့နဲ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါ တယ်။
အဲဒီနောက်ပိုင်း မကျေလည်မှုတွေ ဖြစ်ပွားပြီး တပ်ရင်းအချို့နဲ့ တပ်မဟာ အချို့က သီးသန့် ခွဲထွက်လိုက်ပြီး တိုးတက် သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ထူထောင်လိုက်ပါတယ်။
လက်ရှိ ခွဲထွက် DKBA အဖွဲ့မှာ တပ်မတော်၊ BGF တို့နဲပ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွား နေပြီး ဒေသခံ ၄၀၀၀ နီးပါးမှာလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
အဲဒီ ခွဲထွက် DKBA အဖွဲ့က အစိုးရနဲ့ တစုံတရာ ညှိနှိုင်းထားခြင်းလည်း မရှိသေးပါဘူး။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လောက် အရေးကြီးသလဲ
အစိုးရနဲ့ ဖက်ဒရယ်စနစ်ကို ဆွေးနွေးနိုင်ဖို့ ဦးတည်သွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးအတွက် ပထမအဆင့် နိုင်ငံရေးဆွေးနွေးရမှာ ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက အရေးကြီးပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ်ပြီးစီးပြီး ဒုတိယအကြိမ် မစတင်မီ ကြားကာလဖြစ်တဲ့ ၆ လတာအတွင်းမှာ ပြုလုပ်ရမှာပါ။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ၊မြေယာ နဲ့ သဘာဝ ပတ်ဝန်းကျင် မူဝါဒဆိုင်ရာ ကိစ္စရပ်များ ၊ အထွေထွေ စသည့်ကဏ္ဍာကြီး ၆ ခုမှ တိုင်းရင်းသားလူမျိုးများနှင့် ဆိုင်သော ကိစ္စရပ်များ၊ ဒေသ တခုချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များ ၊ နိုင်ငံသားအများစုနှင့် ဆိုင်သာ ကိစ္စရပ် များကို ဒေသဆိုင်ရာ ပြည်နယ်ဆိုင်ရာ အလိုက် ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ရဲ့ အခန်း (၄) မှာ ပြဌာန်းထားပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးလို့ ထွက်ရှိလာတဲ့ အဆိုပြုချက် ၊ အကြံပြုချက် တွေကို ၂၁ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပြန်လည် ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် NCA မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပထမ ၆ လတာ ကာလအတွင်း NCA မထိုးနိုင် ရင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေမှာ ပါဝင်ဖို့ အခက်အခဲ ဖြစ်သွားမှာပါ။
မြောက်ပိုင်းအင်အားစုတွေ ပါဝင်လာဖို့လည်း ညှိနှိုင်းနေရဆဲ
မကြာမှီလပိုင်းအတွင်း ကျင်းပတော့မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဝ နဲ့ မိုင်းလား တို့အပြင် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့တို့ ပါဝင်လာနိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်က တာဝန်ယူ ညှိနှိုင်း နေတယ်လို့လည်း ဦးလှမောင်ရွှေက ဆိုပါတယ်။
“ဝရယ် မိုင်းလားရယ် ခုဏက ၃ဖွဲ့ကိုတော့ ဦးသိန်းဇော်တို့ ဦးခင်ဇော်ဦးတို့က အဓိက တာဝန်ယူတာပါ။ ဒီ၅ဖွဲ့နဲ့ ပတ်သတ်ပြီးတော့ လာမယ့်ရက်တွေမှာ စဉ်းစားချက်တွေ ရှိလာနိုင်ပါတယ်” လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
မည်သို့ မည်ပုံ ညှိနှိုင်းမှု ပြုနေသည်ကိုတော့ အစိုးရဘက်မှ ဧရာဝတီက စုံစမ်းမေးမြန်း၍ မရပါ။
တိုင်းရင်းသားနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ‘ဝ’ နှင့် မိုင်းလားတို့ ပြဿနာမှာ မြောက်ပိုင်း မဟာ မိတ် ၃ ဖွဲ့ကိစ္စ၊ UNFC တို့ ကိစ္စနှင့် မရောယှက်ပဲ အစိုးရက သီးခြားကိုင်တွယ်ရမည့် ပြဿနာဖြစ်တယ်လို့လည်း သုံးသပ် ပါ တယ်။
UNFC အစုအဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေးမှာ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ပါဝင်အောင် အစိုးရက ညှိနှိုင်း နိုင်လျှင် အောင်မြင်မည်ဖြစ်သော်လည်း ‘ဝ’ နှင့် မိုင်းလားတို့ ကိစ္စမှာမူ ကွန်ဖက်ဒရိတ်တောင်းဆိုခြင်း ဖြစ်သဖြင့် အစိုးရ က သီးသန့်ညှိမှ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက မြောက်ပိုင်းမှ ဝ ၊ မိုင်းလား အပါအဝင် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့တို့ NCA အတွင်း ပါဝင် လာနိုင်ပါက မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ရှိန်လည်း လျော့ချလာနိုင်မှာ ဖြစ်တဲ့ အပြင် တပြိုင်တည်း UNFC လည်း NCA ကို ထိုးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ထိုကဲ့သို့ ဖြစ်လာနိုင်ရေးအတွက် အစိုးရက တပ်မတော်ကို မည်သည့်အတိုင်းအတာ အထိ နားချနိုင်မည် ဆိုသည် ကလည်း အရေးကြီးတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
မကြာခင် လပိုင်းတွေ အတွင်းမှာ ကျင်းပတော့မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ဖို့ ခက်ခဲနေပါသေးတယ်။
၆လတာ ကာလအတွင်းမှာ အစိုးရက ပြေလည်အောင် မညှိနှိုင်းပေးနိုင်ရင်တော့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေ အလိုက် ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေပဲ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ “အားလုံးမပါရင်တော့ ပြည်နယ်တွေမှာ ငြိမ်းချမ်းရေး ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခု၆လတာမှာ အမျိုးသားအဆင့်ထက် ပိုအရေးကြီးတာက NCA ပြဿနာရှင်းဖို့ပဲ”လို့ သုံးသပ်ပြောဆိုပါတယ်။ ။