နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်သို့ အလည်အပတ် သွားရောက်နေပြီ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တောက်လျှောက် သုံးသပ် ရေးသားခဲ့သူ ဘာတေးလ် လင့်တနာကတော့ တရုတ်နိုင်ငံအရေး မှတ်ချက်ပေးတာမှာ သိမ်မွေ့နက်နဲတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့လည်း ရေးသားခဲ့သူ ဘာတေးလ် လင့်တနာရဲ့ အမြင်တွေကို ဧရာဝတီက မေးမြန်းထားပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်တဲ့ အပေါ်မှာ မြန်မာ ပြည်သူတွေ အနေနဲ့ ဘာများ မျှော်လင့်နိုင်ပါသလဲ။
ဖြေ။ ။ တရုတ်နိုင်ငံဘက်က မြစ်ဆုံစီမံကိန်း ပြန်စချင်တာ တော်တော်လေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဘယ် မြန်မာအစိုးရ အတွက်မဆို နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်နေတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ဆယ်ချင်တယ်ဆိုရင် မြစ်ဆုံစီမံကိန်းကိုလည်း စွန့်လွှတ်ပြီး အဲဒါကို လူသိရှင်ကြား ကြေညာသင့်တယ်။
မေး။ ။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တယ်ဆိုပြီး မြန်မာတွေကအမြဲ စိုးရိမ်ကြတယ်။ မြောက်ပို်င်းမှာဆိုရင် တရုတ်က ဝ နဲ့ ကိုးကန့်အပါအဝင် လူမျိုးစု လက်နက်ကိုင်တွေကို အထောက်အပံ့တွေ ဆက်ပြီး ပေးနေတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ မိုင်ဂျာယန် ဆွေးနွေးပွဲမှာလည်း တရုတ်ကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတဲ့ အင်အားစုအားလုံးကို ထောက်ခံတယ်လို့ ပြောခဲ့တယ်။ နယ်စပ် တလျှောက် ပိုမိုတည်ငြိမ်တာကို တရုတ်အစိုးရက မြင်ချင်ပုံရတယ်။
ဖြေ။ ။ တရုတ်က သူ့ဖာသာ ခန့်ထားတဲ့ ငြိမ်းချမ်းရေး တည်ဆောက်သူတွေ၊ ညှိုနှိုင်းပေးသူတွေဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့့အခန်းက ပါနေတယ်၊ အနောက်နိုင်ငံတွေက မဟုတ်ဘူး ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်။ တရုတ်က နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းမှု၊ တည်ငြ်ိမ်မှုတွေ လိုချင်တယ် ဒါပေမယ့် UWSA (‘၀’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်), MNDAA ( မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော်), NDAA (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် -မိုင်းလားအဖွဲ့ ) နဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ဖြတ်ပြီး ပြည်တွင်းမှှာ ရယူထားတဲ့ သြဇာ အရှိန်အဝါကိုတော့ ဆုံးရှုံးခံမှာ မဟုတ်ဘူး။ တရုတ်နဲ့ ဒီအုပ်စုတွေကြားမှာ ရှိတဲ့ ဆက်ဆံရေးက ညှိနှိုင်းတဲ့နေရာမှာ တရုတ်အတွက် အသာစီး ရစေပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နော်ဝေ၊ ဆွစ်ဇာလန် ဒါမှမဟုတ် သြစတြေးလျအဖွဲ့တွေ မျှော်မှန်းနိုင်တာထက် အများကြီး ပိုအားကောင်းတဲ့ အနေအထားကို ရစေတယ်။
မေး ။ ။ တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံတဲ့နေရာမှာ ပိုပြီး လက်တွေ့ကျတယ်လို့ ထင်ပါသလား။ အရင်တုန်းကဆိုရင် တရုတ်အစိုးရ အရာရှိတွေက မြန်မာဗိုလ်ချုပ်တွေရဲ့ ခေါင်းမာမှုနဲ့ အဂတိ လိုက်စားမှုတွေ အကြောင်း ငြီးငြူကြတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ဟာ စာမျက်နှာသစ် ဖွင့်ဖို့ ပြင်ဆင်ထားတယ်လို့ ထင်ပါသလား။ ဆက်ဆံရေး တိုးတက်ဖိုအတွက် အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ ။ ။ အနည်းဆုံးတော့ လတ်တလော အချိန်အထိ တရုတ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးက တပ်မတော်နဲ့ ဆက်ဆံရေးထက် အဆင်ပြေနေတာ ထင်ရှားပါတယ်။ တပ်မတော်က တရုတ်အပေါ် မှီခိုမှုလျှော့ချဖို့ အနောက်နိုင်ငံတွေနဲ့ စစ်တပ်ချင်း ဆက်ဆံရေး ထူထောင်ဖို့ စိတ်အား ထက်သန်နေတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ တရုတ်က မြန်မာနိုင်ငံမှာ သြဇာအကြီးဆုံး အဖွဲ့အစည်းဟာ ရွေးကောက်ခံအစိုးရ မဟုတ်ဘူး၊ စစ်တပ်ပဲ ဆိုတာကို သိနေတယ်။ စစ်တပ်က ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို ထိန်းချုပ်ထားပြီးတော့ တပ်မတော်ဟာ သမ္မတ ဒါမှမဟုတ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီက အမိန့်ကိုမယူဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကိုနာခံတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ တရုတ်ဟာ ဒီနေရာမှာ သိမ်မွေ့တဲ့ ထိန်းညှိမှုကို လုပ်ရပြီးတော့ အစိုးရနဲ့ တပ်မတော်ကို အပြိုင်ထားပြီး သူ့အတွက် အကျိုးရှိအောင် လုပ်ကောင်း လုပ်နိုင်တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံ သြဇာ အကြီးအကျယ် တက်လာတာကို တရုတ်က ဘယ်လို ရှုမြင် အကဲခတ်မယ်လို့ ထင်ပါသလဲ။ မြန်မာနိုင်ငံက ၂၀၁၁ နဲ့ ၂၀၁၂ မှာ တံခါးဖွင့်လိုက်တော့ တရုတ်အစိုးရ အငိုက်မိသွွားပုံ ရတယ်။ ဒါပေမယ့် မနှစ်ကစလို့ မြန်မာနိုင်ငံနဲ့ အပြင်းအထန် ထိတွေ့ဆက်ဆံလာပြီးတော့ လူထုဆက်ဆံရေး ထိုးစစ်ဆင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေကို ဘေ့ဂျင်းကို ဖိတ်ခဲ့တယ်။ ပြီးခဲ့တဲ့ ကာလကတော့ တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ Song Tao က (အရင်စစ်အစိုးရ အကြီးအကဲ အပါအဝင်) မြန်မာနိုင်ငံက အဓိကခေါင်းဆောင် အားလုံးနီးပါးကို တွေ့ဆုံခဲ့တယ်။
ဖြေ ။ ။ မြန်မာနိုင်ငံကို အနောက်တို်င်းက ထိုးဖောက်လာတာ နဲ့ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးဟောင်း ဝီလျှံစီ ဒစ်ကီ က အကြံပြုခဲ့တဲ့ အမေရိကန်နဲ့ စစ်တပ်ချင်း ဆက်ဆံရေး ဖြစ်လာနိုင်ခြေပေါ့။ ဒစ်ကီက အနောက်တိုင်းနဲ့ တခြား အာရှ နိုင်ငံတွေက စစ်တပ်ချင်း ဆက်ဆံရေး တိုးမြှင့်လာတာက အမေရိကန်အနေနဲ့ ချဉ်းကပ်ပုံပြောင်းပြီး တခြား အရှေ့တောင်အာရှ နိုင်ငံတွေက စစ်တပ်တွေမှာ အမေရိကန် အောင်မြင်အောင် လုပ်ခဲ့သလိုမျိုးပဲ မြန်မာစစ်တပ်ကို အသွင်ပြောင်းဖို့ တက်တက်ကြွကြွ လုပ်ဆောင်ဖို့ အချိန်ရောက် လာတယ်လို့ သူက ရေးခဲ့တယ်။ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေကို ပိုပြီး ဒီမိုကရေစီကျတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲတဲ့နေရာမှာ သိပ်မစွံတဲ့ သမိုင်းရှိတယ်လို့ တော်တော်များများက ပြောကြမှာပဲ။ ထိုင်း၊ အီဂျစ်နဲ့ တူရကီကိုပဲ ကြည့်လေ။ ဒစ်ကီက ထည့်မပြောပေမယ့် သူက မြန်မာကို တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရတာကနေ ခွဲထုတ်ဖို့ ပြောတယ်ဆိုတာ လေ့လာသူတိုင်း ရှင်းရှင်းလင်းလင်း သိကြတယ်။ ဒေသတွင်း လုံခြုံရေး ပြဿနာကသာ ဒီဒေသမှာ ပင်တဂွန် (အမေရိကန် စစ်ဌာနချုပ်) ရဲ့ထိပ်ဆုံး ဦးစားပေးဖြစ်နေတာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ဒီလောက် မဟုတ်ဘူး။
မေး ။ ။ အမေရိကန် အပါအဝင် အနောက်တိုင်း အစိုးရတွေဟာ အရေးယူပိတ်ဆို့မှုတွေ ဆက်ထားဖို့တို့၊ မြန်မာနိုင်ငံသား အများစု လက်မခံတဲ့ ရိုဟင်ဂျာကိစ္စတို့နဲ့ ပတ်သက်ပြီးတော့ ကြေညာချက် ထုတ်တာတွေနဲ့ ကျင့်ဝတ်စံနှုန်း မြင့်မြင့်မားမား ဆုပ်ကိုင်ထားကြတယ်။ အမေရိကန်ဟာ မြန်မာရဲ့ ပြဿနာကို အမှန်တကယ် နားမလည်ဘူးလို့ ပြည်သူတွေက ထင်ကြတယ်။ ဒါပေမယ့် ဘေဂျင်းက ပိုပြီးလက်တွေ့ကျပြီး သူ့ရဲ့အရေးပါတဲ့ ပထဝီနိုင်ငံရေး သေနင်္ဂဗျူဟာ မဟာမိတ်နဲ့ စီးပွားရေး အကျိုးစီးပွားကို ဘာအတွက်မှ မဆုံးရှုံးဖို့ ပိုပြီး အာရုံစိုက်တယ်။ နောက်ဆုံးကျတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာ ကစားပွဲကြီးမှာ ဘယ်သူအနိုင်ရမှာလဲ။
ဖြေ ။ ။ လူ့အခွင့်အရေးဟာ အမေရိကန်အတွက် အရေးအကြီးဆုံး မဟုတ်ပေမယ့် ဒီကိစ္စတွေကို သူက လျစ်လျူရှု မထားနိုင်ဘဲ လူ့အခွင့်အရေး ချိုးဖောက်ရင် ထကန့်ကွက်ရတယ်။ တရုတ်ကတော့ ဒီလိုပြဿနာတွေမရှိဘဲ မြန်မာ အပေါ်မှာ ရှိထားတဲ့ သူ့ရဲ့သြဇာကို ဘယ်လူ့အခွင့်အရေး ကိစ္စအတွက်မှ ဆုံးရှုံးခံမှာ မဟုတ်ဘူး။ ဒါဟာ အမေရိကန်နဲ့ အနောက်အုပ်စုအတွက် ကြီးမားတဲ့ အကျပ်အတည်းပဲ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်း လိုလားသူလို့ အရင်က ထင်ထားခဲ့တော့ တရုတ် အစိုးရနဲ့ ကျန်တဲ့ အာရှဒေသတွေနဲ့ နိုင်ငံခြားရေး မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ပြန်လည်ချိန်ှညှိမယ်လို့ ထင်လဲ။ တခါတုန်းက သူက တကမ္ဘာလုံးနဲ့ မိတ်ဖွဲ့ချင်တယ်လို့ ပြောဖူးတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးတယောက် အနေနဲ့ တရုတ်၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို သူဘယ်လို ချိန်ညှိမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ တရုတ်ဟာ မြန်မာနိုင်ငံမှာ အရေးပါတဲ့ အကျိုးစီးပွားရှိတဲ့ အနီးဆုံး အိမ်နီးချင်း ဖြစ်တယ်ဆိုတာ သတိရဖို့လိုပါတယ်။ အမေရိကန်၊ ဂျပန်တောင်မှ အဝေးကြီးမှာ ရှိကြတာ။ တရုတ်ရဲ့ အရေးပါမှုကို ဘယ်မြန်မာ အစိုးရမှ လျစ်လျူရှုထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
မေး။ ။ အငြင်းပွားစရာ မြစ်ဆုံစီမံကိန်းအပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ အဆိုပြုထားတဲ့ စစ်တွေ – ယူနန် ရထားလမ်းတွေက အများကြီး ပိုအရေးကြီးပါတယ်။ ရထားလမ်းကြောင့် တရုတ်က ဘင်္ဂလား ပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဒရာကို လမ်းပွင့်သွားမယ်။ တရုတ်အတွက် မြန်မာက ပထဝီနိုင်ငံရေး အရ သေနင်္ဂဗျူဟာ ကြားခံဇုန်ပဲ။ အိန္ဒိယနဲ့ ဂျပန်က တရုတ်ရဲ့ကြီးမားတဲ့ သေနင်္ဂဗျူဟာ ရည်မှန်းချက်ကို တန်ပြန်ဖို့အတွက် အနာဂတ်မှာ အရေးပါတဲ့ နိုင်ငံတွေလို့ ထင်ပါသလား။
ဖြေ ။ ။ လုံးဝ ပါပဲ။ ဒီနှစ်နိုင်ငံရဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ရှင်ဇိုအာဘေးနဲ့ နာရိန်ဒရာ မိုဒီတို့က ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်လာနေတယ်ဆိုတာ ကျနော်တို့ တွေ့နေရတာပဲ။ သူတို့နှစ်ယောက် တူတာက တရုတ်သြဇာ ကြီးလာတာကို စိုးရိမ်ကြတာပဲ။ အိန္ဒိယက အိန္ဒိယ သမုဒ္ဒရာကို သူတို့ပိုင်တဲ့ ရေကန်လေးလို သဘောထားတာ ကြာလှပြီ။ အဲဒီမှာတရုတ်က လာပြီး ခြေကုပ်ရမှာ မလိုလားဘူး။ ဂျပန်ကလည်း ဒေသတခုလုံးမှာ တရုတ်က ပိုပိုပြီး သြဇာထူထောင်တဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်။