အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရှမ်းပြည်နယ် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူး ချထားခြင်း တို့ကို ဆောင်ရွက်ခဲ့သည့် ပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်သည် ပါတီ ဗဟို အလုပ် အမှု ဆောင်အဖွဲ့ (CEC) ၏ သဘောထား ဆုံးဖြတ်ချက်ကို ရယူခဲ့ခြင်းမရှိဟု ထုတ်ပယ် ခံရသူ၊ ရာထူးချ ခံရသူများက စွပ်စွဲ လိုက်သည်။
NLD ပါတီ၏ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုး မိုး၊ ပါတီဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ကို ရာထူးမှ ချထားခြင်း၊ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက ပါတီသို့ အယူခံ တင်သွင်းရာ ယခု ပါတီ၏ အယူခံ ခုံရုံးက ၂ ဖက်စလုံးကို စစ်ဆေးလျက်ရှိသည်။
ဧရာဝတီက ဦးဝင်းထိန်သည် ရှမ်းပြည်နယ် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များကို ရာထူးချ၊ ထုတ်ပယ်ခြင်းများ ဆောင် ရွက် ရာတွင် ပါတီ CEC ၏ သဘောထား ရယူခဲ့ခြင်း ရှိ မရှိ မေးမြန်းရာ ဒေါ်ခင်မိုးမိုးက “ဟုတ်ပါတယ်။ CEC ဆိုတဲ့ နေရာ မှာ CEC တဖွဲ့လုံး မဟုတ်ဘူးတဲ့။ အဲဒီနေ့က ဒေါ်မေဝင်းမြင့် တက်တယ်။ ဒေါက်တာ ဇော်မြင့်မောင် တက်တယ်ပေါ့။ အဲဒီလိုပဲ ပြောသွားတယ်။ CEC ဆုံးဖြတ်ချက်နဲ့ သူ့ကို တာဝန်ပေးလိုက်တယ် ဆိုတဲ့ အထောက်အထား ပေးပါဆိုတော့ CEC မှာ အထောက်အထား မလိုဘူးတဲ့။ အဲဒီလို အစည်းအဝေး မှတ်တမ်းလည်း မရှိဘူးတဲ့”ဟု ပြောဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ် NLD ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူရာတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုသည့် သဘောမျိုး ဦးဝင်းထိန်က ပြောဆိုခဲ့သော်လည်း ယခု ထွက်ဆိုချက် ပေးသည့်အခါတွင် ယင်းကိစ္စကို ပြန် လည် ပြောဆိုရန် ငြင်းဆိုခဲ့သည်ဟု ဒေါ်ခင်မိုးမိုးက မီဒီယာများသို့ ပြောသည်။
ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ပြော ဆို ခဲ့သည်ဟု သိရသည်။
ယမန်နေ့က နေပြည်တော် ဇဗ္မူသီရိမြို့နယ်ရှိ နေအိမ်တလုံးတွင် ရှမ်းပြည်နယ် NLD အမှုကို ကြားနာ စစ်ဆေးခဲ့ရာ ဦးဝင်းထိန် နှင့် ဒေါ်ခင်မိုးမိုးအမှု၊ ဦးဝင်းထိန်နှင့် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်အမှုကို အပြီးသတ် နိုင်တော့မည် ဖြစ်ကြောင်း၊ ၂ ဖက်သက်သေနှင့် စာရွက်စာတမ်း အထောက်အထားများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ခုံရုံး အဖွဲ့ ခေါင်း ဆောင် ဦးကျော်ဟိုးက မီဒီယာများသို့ ပြောသည်။
“ဒေါ်ခင်မိုးမိုး အပြန်အလှန်မေးခွန်း ပြီးသွားပြီ။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့လည်း ပြီးသွားပြီ။ လာမယ့် ရုံးချိန်းကျရင် ဦးတင်မောင်တိုးကို ဆက်စစ်မယ်။ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ ချိန်းထားတယ်။ ၂၈ ရက်နေ့မှာ ဦးတင်မောင်တိုး ကိစ္စ ဦးဝင်းထိန်ကို စစ်ပြီးသွားရင် သက်သေတွေ လာတော့မယ်။ ဒီနေ့ ၂ မှု ပြီးသွားတာပေါ့”ဟုလည်း ဦးကျော်ဟိုးက ပြောဆို သည်။
NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် တဦးဖြစ်သူ ဦးဝင်းထိန်ကမူ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စည်းကမ်း နည်းလမ်း နဲ့ အညီ တောက်လျှောက် အလုပ်လုပ်ခဲ့တာ ဖြစ်လို့ စည်းကမ်း နည်းလမ်းနဲ့ ညီအောင် ပြန်လုပ်တာပါ။ ဘယ်သူကောင်း တယ်၊ ဘယ်သူ မကောင်းဘူးဆိုတာက ပြောစရာလည်း မလိုဘူး။ ဒီအဖွဲ့ကို ဖွဲ့ပေးထားတဲ့အတွက် ဘက်မလိုက်ဘဲနဲ့ ဆုံးဖြတ်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် မှန်မှန်ကန်ကန်ပဲ ဖြေခဲ့တယ်”ဟု မီဒီယာများသို့ ပြောသည်။
ထို့အပြင် တခြားကိစ္စရပ်များအပေါ်တွင် ဦးဝင်းထိန်က သီးခြား မှတ်ချက်ပြုပြောဆိုခြင်း မရှိပေ။
ယမန်နေ့က အမှုစစ်ဆေးရာတွင် ဦးဝင်းထိန်သည် ယခင်နေ့များကဲ့သို့ ဒေါသထွက်မနေဘဲ ပြေပြေလည်လည်ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ဒေါ်ခင်မိုးမိုးက မီဒီယာများသို့ ပြောသည်။
“ကျမတို့ကို ၄ ရက်နေ့မှာ လာထုတ်တယ်။ သူ့ကို CEC ကနေ ၁၁ ရက် ၉ လမှာ ဦးကျော်ခင်ကို ကူဖို့ တာဝန်ပေးလိုက် တယ် ဆိုပြီး ထွက်ထားတယ်။ အဲဒီတော့ CEC က တာဝန်မပေးခင် တပတ်ကြိုပြီး ကျမတို့ကို လာထုတ်တယ်ဆိုတော့ အဲဒီတော့မှာ သူဇဝေဇဝါ ဖြစ်သွားတယ်။ ရက်စွဲတွေ မှားနေတယ်။ Date တွေ ပျောက်နေတယ်လို့ ပြောတယ်”ဟုလည်း ဒေါ်ခင်မိုးမိုးက ပြောပြသည်။
လိုအပ်ပါက အာဏာရှင်ဆန်ရမည်ဟု ဦးဝင်းထိန် ပြောဆိုခဲ့သည့်အပေါ် ဒေါ်ခင်မိုးမိုးက မေးခွန်းထုတ်ခဲ့ရာ သူပြောခဲ့သည် ဟု ဝန်ခံသော်လည်း ပါတီ စည်းကမ်း ထိန်းသိမ်းရေးအတွက် လိုအပ်ပါက အာဏာရှင်ဆန်ရမည်ဟု ထပ်မံ ပြောဆိုသွားခဲ့ ကြောင်း ဒေါ်ခင်မိုးမိုးက ပြောသည်။
“ကျမတို့ ပါတီရဲ့ မူဝါဒဖြစ်တဲ့ ဘယ်တော့မှ အာဏာရှင်စနစ်ကို ပြန်မရောက်စေရဘူး ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေတယ် ဆို တော့ သူက စည်းကမ်းထိန်းသိမ်းရေး အနေနဲ့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ မညီညွှတ်ရင်တော့ အာဏာရှင်ဆန်ရမှာပဲ လို့ ပြောသွားတယ်။ သူပြောခဲ့တာ မှန်တယ်လို့ ပြောသွားတယ်”ဟု ဒေါ်ခင်မိုးမိုးက ပြောဆိုသည်။
ဒေါ်ခင်မိုးမိုးက ဆက်၍ “ဒီကိစ္စကြီးက ပြည်တွင်း၊ ပြည်ပ ပါတီဝင်ထုထဲမှာ အင်မတန် ဂယက်ရိုက်တဲ့ကိစ္စ ဖြစ်တယ်။ ဦးဝင်းထိန်ရဲ့ ကျမအပေါ်မှာ မဟုတ်မမှန် စွပ်စွဲပြီးတော့ ထုတ်ပယ်တဲ့ ကိစ္စဟာ ပါတီထဲမှာ မဟုတ်တဲ့သူတွေ နေရာယူ အောင် အုပ်စုဖွဲ့ပြီးတော့ တကယ်လုပ်လာတဲ့သူကို တိုက်ထုတ်တာမျိုးကို လုပ်ပြီး တိုက်ထုတ်တဲ့ကိစ္စဖြစ်တယ်လို့ ပြော တော့ ကျမရဲ့ မေးခွန်းက ပြောင်းပြန်ဖြစ်နေပါတယ်လို့ ပြောတယ်”ဟု လည်း ပြောဆိုသည်။
လာမည့် ၂၈ ရက်နေ့တွင် ဦးဝင်းထိန်၏ သက်သေများကို စစ်ဆေးမည်ဖြစ်ရာ ၎င်းတို့သည် ပါတီသို့ ဝင်ရောက်လာ သည် မှာ မကြာသေးကြောင်း စစ်ဆေးခံရမည့်သူတဦး ဖြစ်သူ ဦးတင်မောင်တိုးက မီဒီယာများသို့ ပြောသည်။
ဦးတင်မောင်တိုး “ပါတီထဲကို အခုမှ ဝင်လာတဲ့သူတွေက နှစ်ပေါင်းများစွာ ပါတီမှာ လုပ်ခဲ့တဲ့သူတွေကို သစ္စာရှိ မရှိဆိုတာ လာထွက်ဆိုမယ် ဆိုတော့ သိပ်တော့ သဘာဝ မကျဘူးပေါ့ဗျာ”ဟု မီဒီယာများသို့ ပြောဆိုသည်။