ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တည်ဆောက်ရေးအတွက် ရွေးချယ်ခံထားရသည့် ဂျပန်-စင်ကာပူ ပူးပေါင်းဖွဲ့စည်းထားသည့် Yongnam-CAPE-JGC Consortiumနှင့် အစိုးရအကြား ယခုနှစ်ကုန်တွင် သဘောတူညီ ချက်စာချုပ် အပြီးသတ်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကဆိုသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က လေဆိပ်အသစ်တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ကနဦးအဆင့် အမေရိကန်ဒေါ်လာ ၂ဘီလျံတန်ဘိုး ရာထားပြီး၊ ယခုနှစ်ကုန်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် စီမံကိန်းရင်းနှီးမြုပ်နှံခွင့်အတွက် တင်ဒါခေါ်ယူရာ ကိုရီးယား စီးပွားရေးလုပ်ငန်းစုများ ပူးပေါင်းဖွဲ့စည်းထားသည့် Incheon Airport Consortium က ဦးစားပေးအနေအထား ရွေးချယ်ခံခဲ့ရသော်လည်း ဆက်လက် ညှိနှိုင်းမှုများတွင် အဆင်မပြေခြင်းများ ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် တင်ဒါတွင် Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က Yongnam-CAPE-JGC Consortiumနှင့် ညှိုနှိုင်းနေပြီး၊ သဘောတူညီချက်ရရှိပြီးပါက လာမည့် နှစ်တွင် စတင်မည်ဟု ဧရာဝတီ သို့ပြောသည်။
“ဒီလေဆိပ်က တိုင်းပြည်အတွက် နိုင်ငံတကာလေယာဉ်ကြီးတွေ ဆိုက်ရောက်တဲ့ အဓိက လေဆိပ် ကြီးတခုဖြစ် လာယ်၊ ရန်ကုန်လေဆိပ်ကတော့ ပြည်တွင်းလေကြောင်းအတွက် သုံးမယ်”ဟု ဆိုသည်။
ဟံသာဝတီလေဆိပ်ကို ရန်ကုန်နှင့် မိုင် ၅၀ အကွာ၊ ပဲခူးမြို့နယ်အတွင်းရှိ ကျောက်တိုင်ကန်ရွာအနီး ယခင် လေယာဉ် ကွင်းဟောင်း နေရာတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ထပ်မံ တိုးချဲ့တည် ဆောက်ရန် မြေနေရာ အခက်အခဲရှိခြင်းနှင့် ပြည်တွင်း နိုင်ငံတကာအဆင့် မီ လေဆိပ်အသစ် တခုလိုအပ်ချက်ရှိ လာခြင်းကြောင့် တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။
စီမံကိန်း၏ ကနဦးအဆင့်မှာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး၊ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁ နှစ်လျှင် ခရီးသည် ၁၂ သန်းအထိ ကိုင်တွယ် လည်ပတ်နိုင်သည့် လေဆိပ်အဖြစ် လာမည်ဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် စမ်းယမင်းအောင်၏ Hanthawaddy Airport Agreement in Final Stage ကို ဘာသာပြန်ဆိုသည်။