ပြည်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ KTV၊ အနှိပ်ခန်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် နေအိမ်ဘော်ဒါ ဆောင်များတွင် အမျိုးသမီးများထားရှိ၍ ပျော်ပါး၊ သောက်စားမှုများ ပြုလုပ်ပါက တည်ဆဲဥပဒေတရပ်ရပ် အရသော် လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရသော်လည်းကောင်း အရေးယူခံရမည့်အပြင် ရရှိထားသော လုပ်ငန်း လိုင်စင်များကိုပါ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ယနေ့အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာထုတ်ပြန် လိုက်သည်။
ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က “ပြည်မြို့နယ်အတွင်းမှာရှိတဲ့ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခို ခန်း၊ ကာရာအိုကေ၊ နောက်ပြီး ဘော်ဒါဆောင်တွေမှာ အနှိပ် ခန်းတွေဖွင့်လှစ်တာတို့ အမျိုးသမီးတွေကိုခေါ်ပြီး ပျော်ပါးတာ တို့ စားသောက်ကျွေးမွေးခြင်းအလုပ်တွေကိုမလုပ်ဖို့ ကျနော် တို့အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါအမိန့်ထုတ်ပြန်ပြီးနောက် ရပ်ကွက်နေပြည်သူများအား အသိပေးနှိုးဆော်မှုများ၊ ကြော်ငြာသင်ပုန်းများဖြင့် ကြေညာ က အသိပေးသွားမှာဖြစ်ပြီး သတင်းရရှိထားသည့် ဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်းနှင့် ပညာပေးကာလဟူ၍ သတ်မှတ်ထားခြင်းမရှိသည့်အတွက် တိုက်ရိုက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာစစ်အောင်လတ်က ဆက်ပြောသည်။
“ဒေသန္တရအမိန့်ထုတ်ပြန်ပြီးသွားရင် ရပ်ကွက်နေပြည်သူများကို အသိပေးပါတယ်။ အခုကြော်ငြာသင်ပုန်းတွေ ကပ်ဖို့ အတွက် ရပ်ကွက်နေပြည်သူများသိအောင်ကြေငြာပါ့မယ်။ ပြီးရင်ကျနော်တို့ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီး အရေးယူခြင်းတွေ ဆောင်ရွက်မှုတွေလုပ်ပါ့မယ်ခင်ဗျ။ ဒီကိစ္စတွေမလုပ်ရဘူးဆိုတာ တနိုင်ငံ လုံးသိထားပြီးသားလည်း ဖြစ်ပါတယ်။ ပညာပေးကာလဆိုတာမရှိပါဘူး။ ချက်ခြင်းဖမ်းဆီးအရေးယူ ဆောင်ရွက်သွားပါ့မယ်ခင်ဗျ” ဟု ဒေါက်တာစစ်အောင်လတ်က ဆက်လက်ပြောသည်။
ပြည်မြို့ပေါ်ရှိ စားသောက်ဆိုင်များတွင် အမျိုးသမီးများအား စင်တင်တေးဂီတဖျော်ဖြေရေး ဖွင့်လှစ်ထားသည့် စားသောက် ဆိုင်များ၊ KTV၊ အနှိပ်ခန်းများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် အမျိုးသမီးထားရှိ၍ ပျော်ပါးမှု များပြုလုပ်နေသည့် အဆောက်အဦး ၃၀ ခန့်ရှိပြီး ရွာဘဲရပ်ကွက်၊ ခေတ္တရာမြို့သစ်ရပ်ကွက်နှင့် အောင်ဆန်းပြည်သာယာရပ်ကွက်များအတွင်း အများဆုံးဖွင့်လှစ်ထားကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ဧရာဝတီ သတင်းထောက် ကောင်းမြတ်မင်း သတင်း ပေးပို့သည်။