မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများကို ပယ်ဖျက်ပြီး ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူရန် ပြဌာန်းထားသော ဥပဒေများ ဖြေလျှော့ပေးရန်နှင့် အမျိုးသား အရေးပေါ် အက်ဥပဒေကို ရုပ်သိမ်းရန် သမ္မတ အိုဘားမားက ယမန်နေ့က လက်မှတ်ရေးထိုးလိုက်သည်။
၂၀၁၅ သမိုင်းဝင် ရွေးကောက်ပွဲ အောင်မြင်မှု အပါအဝင် ဒီမိုကရေစီ ဆက်လက်တိုးတက်ရေး အားပေးရန် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ဆုံးဖြတ်ကြောင်း အမေရိကန် လွှတ်တော်သို့ ပေးပို့သော စာတွင် သမ္မတ အိုဘားမားက ပြောဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှု တချို့ကို ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့သည်။