ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဍဘူမိ လေဆိပ်အပါအဝင် အထင်ကရနေရာများကို ကားဗုံးခွဲတိုက် ခိုက်နိုင်သည့်အတွက် ရဲတပ်များကို တပ်လှန့်ထားကြောင်း Khaosod သတင်းကဆိုပါတယ်။
မကြာသေးမီက ပေါက်ကြားခဲ့တဲ့ ဘန်ကောက်ဆင်ခြေဖုံး ဆမွတ်ပရာကန်ရဲတပ်ဖွဲ့ အကြီးအကဲ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ ရဲမှတ်တမ်းအရ အကြမ်းဖက်အဖွဲ့အစည်းတခုုက ဆမွတ်ပရာကန် ဧရိယာရှိ သုဝဏ္ဍဘူမိလေဆိပ်၊ ရှေးဟောင်းပြတိုက်တခုနဲ့ ဘူမိဘောတံတားကို ကားဗုံးဖောက်ခွဲရန် ကြံစည်နေကြောင်း၊ တိုက်ခိုက်ဖို့ ဖြစ်နိုင်တဲ့ ရက်တွေကတော့ အောက်တိုဘာ ၂၀မှ ၂၅ အတွင်းဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။
ဒီရဲမှတ်တမ်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တိုင်းပြည် လုံခြုံရေးအရ ထုတ်ပြန်ခြင်း မပြုဖို့ ဆမွတ်ပရာကန် ရဲတပ်ဖွဲ့ အကြီးအကဲပြောဆိုကြောင်း၊ ရဲအင်အားတိုးမြှင့်ကာ ကင်းလှည့်နေပြီး၊ အကြမ်းဖက်မှု တိုက်ဖျက် ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဒု ရဲချုပ် Srivara Ransibrahmanakul ကတော့ ပေါက်ကြားလာတဲ့ ရဲမှတ်တမ်းဟာ အမှန်အကန်ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း လုပ်ရိုးလုပ်စဉ်တွေပါပဲလို့ ပြောကြောင်းသိရပါတယ်။
လွန်ခဲ့တဲ့နှစ်သြဂုတ်လက ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက် ခိုက်ခြင်းခံခဲ့ရ သလို၊ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေရာ ဖူးခက်၊ ဟွာဟင် စတဲ့ ခရိုင် ၇ခုမှာ ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။