ဘိန်းဘုရင်ခွန်ဆာရဲ့ လက်ထောက်ဖြစ်ခဲ့သူ အသက် ၇၉နှစ်အရွယ် Lao Ta Saenlee ဆိုသူနှင့် သူ၏ သားတို့ကို မက်သာ ဖက်တမင်း ၂ဝကီလိုဂရမ် အပါအဝင်လက်နက်များနဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါ ခွန်ဆာ၏ လက်ထောက်ဖြစ်ခဲ့သူ၏ နေအိမ်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗျူရိုမှ ဝင်ရောက် ရှာဖွေရာ မက်သာဖက်တမင်းဆေးများ တွေ့ရှိခဲ့သည့်အတွက် ၎င်းနှင့် သားဖြစ်သူ မယ့်အိုင်ခရိုင်ခွဲ အကြီးအကဲဟောင်း Wicharn Saenlee တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ပိုင်ဆိုင်မှုများကို အာဏာပိုင် များက သိမ်းဆည်းလိုက်သည့်အပြင် စုံစမ်းစစ်ဆေးရေးများကို ဆက်လက်လုပ်ဆောင် နေကြောင်းသိရ ပါတယ်။
ဝင်ရောက်စီးနင်းစဉ်က Lao Ta၏ ဇနီးနှင့် သူ့လက်ထောက် ၁၄ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
သူတို့သားအဖ ၂ဦးကို ယနေ့ အင်္ဂါနေ့ ညနေမှာ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ တိုင်း အမှတ် (၆) သို့ ခေါ်ယူကာ ဆက်လက်စစ်ဆေးမှု ပြုလုပ်နေပါတယ်။
ရဲဗိုလ်ချုပ် ဆွမ်မိုင်က ရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်စီးနင်းစဉ်က သက်သေခံပစ္စည်းများကို သိမ်းဆည်း မိခဲ့ကြောင်း၊ အဆိုပါ ခွန်ဆာရဲ့ လက်ထောက်ဟောင်း Lao Ta ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်နေကြောင်း၊ ဒါကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှု ဘတ် ၁ ဘီလျံခန့်ကိုလည်း သိမ်းဆည်းမှာဖြစ်ကြောင်း ဆိုပါတယ်။