လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ ကို ပြင်းထန် စွာဝေဖန်လေ့ရှိပြီး၊ ကရင်တိုင်းရင်းသားများဘက်မှ ရပ်တည်ခဲသူ သြစတြေးလျ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒက်စ်မွန် ဘော(၆၉နှစ်) ဟာ ယနေ့ ဒေသစံတော်ချိန် ၃နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားကြောင်း Karen News မှာဖော်ပြထားပါတယ်။
သူဟာ ၁၉၇၀ ခုနှစ်များဆီက စစ်အေးကာလမှာ အမေရိကန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ထိပ်တန်းလျိူဝှက် နျူကလီးယား ကာကွယ်ရေး စီမံကိန်းမှာ ပါဝင်လုပ်ကိုင်ခဲ့သလို၊ CIA အဖွဲ့ရဲ့ အကြံပေးအဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။ အဲဒီအတွက်လည်း အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာက ကမ္ဘာကြီးကို ကယ်တင်ခဲ့သူလို့ ဂုဏ်ပြုပြောဆိုခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ အရှေ့တောင်အာရှက လျိုဝှက် စစ်ပွဲတွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ရာက မြန်မာပြည်က ကရင်လူနည်းစုရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ထောက်ခံခဲ့သလို၊ ကရင်အမျိုးလွတ်မြောက် ရေးတပ်မတော် KNU ရဲ့ ပျောက်ကြားစစ်နဲ့ ပတ်သက်ပြီး အကြံပေးမှုများ ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် ကရင်တိုင်းရင်းသားတွေအပေါ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ပြင်းထန်စွာ ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စစ်ရေးဆိုင်ရာ သုတေသီတဦးဖြစ်သကဲ့သို့ စစ်ဘက်ထောက်လှမ်းရေးအပေါ်မှာ အခြေခံပြီး စာအုပ်ပေါင်း ၄၀ ကျော်ကိုလည်း ရေးသားပြုစုခဲ့သူဖြစ်ပါတယ်။
ဒါကြောင့်လည်း ကရင်ခေါင်းဆောင်တဦးဖြစ်တဲ့ စောဒေးဗစ်တာကပေါက “ ဒက်စ်မွန် ဘောဟာ ကျနော်တို့ရဲ့ တော်လှန်ရေးကို အထောက်အကူပြုခဲ့သူ၊ အဖိနိုပ်ခံတွေဘက်က ရပ်တည်ခဲ့သူ” လို့ ပြောခဲ့ဖူးပါတယ်။