နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမည်အောက်တိုဘာ ၁၆ ရက်နေ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် ၈ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများဆိုင်ရာ ဘင်းစတက် (BRICS-BIMSTEC) ညီလာခံကိုတက်ဖို့ အပါအဝင် အိန္ဒိယဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ၄ရက်ကြာ လာရောက်လည်ပတ်မယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။
NLD အစိုးရလက်ထက် ပထမဆုံးအကြိမ် သူမရဲ့အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီနဲ့တွေ့ဆုံကာ ဒေသတွင်းနဲ့ နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးမယ်လို့ သိရပါတယ်။
ယခုနှစ်အတွင်းမှာပဲ အိန္ဒိယ- မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် နာဂသူပုန်အဖွဲ့များတိုက်ခိုက် မှုကြောင့် အိန္ဒိယတပ်များ မြန်မာနယ်အတွင်း ဝင်ရောက်မှုတွေ ရှိနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါသေး တယ်။
ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံပြီး အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေးလမ်းမ တမူး-ကလေးဝ လမ်းပိုင်းရှိ တံတား ၆၉ စင်း တည်ဆောက်ရန်၊ ကလေးဝ – ယာကြီး လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်၊ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေးဝါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိခဲ့ပါတယ်။