စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် တိမ်းမှောက်သွားသည့် ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် အောင်စိုးမိုးကျော် ၂ ကို လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၁၈ ရက် နေ့တွင် ပြန်လည်ဆယ်တင်သည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ညနေပိုင်းအချိန်အထိ လုပ်ငန််း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
“ ဒီနေ့တော့ ရေယာဉ် ပြန်ဆယ်တဲ့ အပိုင်းမှာ ဖင်ပိုင်းကိုတော့ ကမ်းစပ်မှာ ဆွဲတင်ထားနိုင်ပြီ။ ရေယာဉ်က အောက်မှာ ညှပ်နေတဲ့ အနေအထားမျိုး ရှိတာရော ၀ိတ်ကြောင့်ရော ဆွဲတင်တဲ့ အခါမှာ တော်တော် ဆွဲတင်ရတယ်။ အခုဆို ကရိန်း သုံးခုနဲ့ သေချာ ချီသိုင်းပြီး တင်နေကြတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန(လူ ကယ်/ပြန်)မှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်း (ပုဂ္ဂလိကပိုင်)မှ အောင်စိုးမိုးကျော် ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်း မြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားသည့်နေ့တွင် ပြန်လည် ကယ်ဆယ်ခဲ့မှုကြောင့် အသက်ရှင် လူဦးရေ ၁၅၄ ဦးနှင့် သေဆုံး ၄ ဦးကို တွေ့ရှိခဲ့သည်။
ယနေ့ အောက်တိုဘာလ ၁၈ ရက် (လေးရက်မြောက်နေ့) ညနေ လေးနာရီအထိ ရရှိသည့် သေဆုံးသူ စာရင်း စုစုပေါင်းမှာ ၃၈ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်ပွားရာ နေရာအနီးတွင် မီးသတ်ဦးစီးဌာနမှ ကောက်ခံရရှိမှုအရ ပျောက်ဆုံးစာရင်းမှာ ၈၅ ဦး ရှိ ယင်းပျောက်ဆုံးစာရင်းတွင် ဆရာ၊ ဆရာမ ၄၀ ခန့် ပါဝင်ကြောင်း သိရသည်။