ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းတွင် အသက် ၇၂ အရွယ် အဘိုးအိုတဦး သေနတ်ကျည် ၂ ချက် ထိမှန်ခံရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေညောင်ပင်ကျေးရွာရှိ အစိုးတပ် ခြေမြန်တပ်ရင်း ၃၂၁ အနီးတွင် သေနတ်ပစ်ခတ်မှုကြောင့် အိမ်အတွင်းနေထိုင်သည့် အသက် ၇၂ အရွယ် ဦးခေါင်ဘောက်၏ ဦးခေါင်း နှင့် လည်ပင်း မှာ သေနတ် ထိမှန်ခဲ့ပြီး လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မိသားစုဝင်ဖြစ်သည့် ဆိုင်းခေါန် ကဧရာဝတီသို့ ပြောသည်။
“မနေ့က ညနေမှာ ဖြစ်တာပါ။ ကျမတို့ သေနတ်သံကြားလို့ အိမ်မှာ ပုန်းနေချိန် ဝပ်နေချိန်မှာ သေနတ်နဲ့ အဆက်မပြတ် ပစ်တယ်။ အဲဒီမှာ အဘိုးကို ထိသွားတယ်။ ဦးခေါင်းကို ရှပ်ထိသွားတာပါ။ ဘာကြောင့် ပစ်တယ်ဆိုတာ မသိဘူး။ အခုတော့ အဘိုး သတိရလာပါပြီ။ ဒီနေ့တော့ သေနတ်သံမကြားရတော့ဘူး” ဟု ဆိုင်းခေါန် က ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်မတော်သားတချို့က အဘိုးအိုကို စစ်ဆေးရုံသို့ တင်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
သေနတ် ထိမှန်သော်လည်း ယမန်နေ့က ရွှေညောင်ပင်ကျေးရွာ ရွှေညောင်ပင်ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျည်ဆံ ထိသွားတယ်လို့ ကြားရပါတယ်။ အသေးစိတ်တော့ ကျနော်မသိသေးဘူး။ စစ်ဆေးရုံးမှာ တင်ထားပါတယ်။ ဖြစ်တာက တပ်စခန်းနားမှာပါ” ဟု ဦးစန်းအောင်က ဆိုသည်။
ကျည်ဆံထိမှန်သည့် ကိစ္စကို တပ်မတော်၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းများ စက်ပိတ် ထားပါသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး ဝိုင်းမော်မြို့ ရဲစခန်းမှ တာဝန်ရှိသူတဦးကလည်း “မနေ့က ညနေမှာ အဘိုးကြီး တဦး သေနတ်ထိမှန်တာ ဟုတ်ပါတယ်။ အခု မြစ်ကြီးနား ကုတင် ၃၀ဝ စစ်ဆေးရုံ ပို့ထားပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။
အောက်တိုဘာ ၁ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မုန်းကိုးမြို့နယ် ပူဝမ်ကျေးရွာတွင် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ကလေး ငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။