ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် ညပိုင်း ရန်ကုန်တိုင်း အစိုးရရုံးဝင်းအတွင်း ဖြစ်ပွားခဲ့သည်ဆိုသော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး လူတဦးကို အစိုးရအဖွဲ့ရုံးတွင် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
“သူက အခုထိတော့ တိုင်းရုံးထဲမှာပဲ ရှိသေးတယ်။ ကျန်တာတွေ သေချာတော့ ပြောပြလို့ မရသေးဘူး “ဟု ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အစိုးရရုံးဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ညတွင်းချင်း သံသယတရားခံ၏ အိမ်သို့ သွားရောက်စစ်ဆေးကာ ပစ္စည်းများ သိမ်းဆည်းခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ သာကေတ Capital Hypermarket ပေါက်ကွဲမှု၊ တောင်ဒဂုံ လူဝင်မှုကြီးကြပ်ရေးရုံး ပေါက်ကွဲမှုများနှင့် ဆက်စပ်ပတ်သက်ခြင်း ရှိ၊ မရှိကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး အသေးစိတ်ကို ရဲတပ်ဖွဲ့က မကြာမီ ထုတ်ပြန် ရှင်းလင်းမည်ဟု မျှော်လင့်ရသည်။