တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်ပါဝင်နိုင်ရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားသည့် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်း ချက်များ အကြောင်း ထည့်သွင်း ပြောဆိုခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာက ဖော်ပြသည်။
နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် တိုင်းရင်းသားရေးအရ တည်ငြိမ်မှုများရှိရန်အတွက် တပ်မတော်အနေဖြင့် အမျိုးသား နိုင်ငံရေး အခန်း ကဏ္ဍတွင် ဆက်လက် ပါဝင်နေရခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် ပါတီနိုင်ငံရေးလုပ်ဆောင်မည် မဟုတ်သော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း “အရေးပေါ် ကာလဆိုင်ရာပြဌာန်းချက်”များကို ထည့်သွင်းပြဋ္ဌာန်းထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“တပ်မတော်နဲ့ နိုင်ငံတော်ရဲ့ ပကတိ အခြေအနေမှန်များ၊ သမိုင်းကြောင်း အချက်အလက်များကို သိရှိထားဖို့ လိုပါတယ်။ တိုင်းရင်းသား အရေးကိုလည်း အလေးထား လုပ်ဆောင်ရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအရ တိုင်းပြည်တွင် အရေးပေါ် အခြေအနေတခု ပေါ်ပေါက်လာပါက သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တရပ်ကို ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ခြင်း၊ ထိုသို့ ကြေညာပါက တိုင်းပြည်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာအားလုံးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချုပ်ကိုင်ခွင့်ကို ၂၀၀၈ အခြေခံ ဥပဒေက ပေးအပ်ထားသည်။