ရန်ကုန်တက္ကသိုလ် သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်နိုင်ရန်အတွက် လာမည့်နှစ် ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲတော့မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ကျောင်းသား သမဂ္ဂ အဆောက်အဦနဲ့ ပတ်သက်ပြီး လာမယ့်ဘတ်ဂျက်မှာ လျာထား ဆောင်ရွက် နေပါတယ်” ဟု ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက တက္ကသိုလ် တခုချင်းစီ အတွက် ပဋိညာဉ်နှင့် တက္ကသိုလ်အားလုံးကို လွှမ်းခြုံနိုင်သော ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်၊ မူဘောင်နှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂအားလုံး မည်သည့် အချိန်တွင် ပြီးဆုံးမည်နှင့် သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည် တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည့်အပေါ် ဖြေဆိုရာတွင် ဒုဝန်ကြီးက ပြောဆိုသွားခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂ မူလနေရာတွင် ကျောင်းသား သမဂ္ဂအပါအဝင် ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ဘာသာရပ်ဆိုင်ရာ ကိစ္စများ၊ အားကစား အသင်းအဖွဲ့များ၊ အနုပညာ လုပ်ငန်းများ၊ အခြား လူမှုရေးဆိုင်ရာ ကျောင်းသား အသင်းအဖွဲ့များ ထားရှိဆောင်ရွက်နိုင်မည့် ပညာရေး ဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် အသုံးပြုနိုင်မည့် ကျောင်းသား သမဂ္ဂ အဆောက်အဦတခု ဆောက်လုပ်နိုင်ရန် အတွက် လိုအပ်ချက်များ ဘတ်ဂျက် လျာထားချက်များ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံသည် အာဏာရှင်ဟောင်း ဦးနေဝင်း၏ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။