တရုတ်- မြန်မာနယ်စပ်မှာ တပ်မတော်(လေ)မှ တိုက်လေယာဉ်တစီးအား တရုတ်က ဒုံးကျည်ဖြင့် ပစ်ချလိုက် သည့် ဆိုသောသတင်းမှာ လုပ်ကြံသတင်းသာဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးက ယနေ့ ငြင်းဆို လိုက်ကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းကဆိုပါတယ်။
ပြီးခဲ့သည့် တနင်္ဂနွေ့က တရုတ်- မြန်မာနယ်စပ်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မုံးကိုးဧရိယာမှာ တရုတ်ပိုင်နက် ကို ကျူးကျော်လာတဲ့ မြန်မာလေတပ်က တိုက်လေယာဉ်တစီးကို တရုတ်တို့က ဒုံးကျည်ဖြင့်ပစ်ချလိုက်ကြောင်း၊ တရုတ်ဘာသာဖြင့် ရေးသားထားသည့် သတင်းတပုဒ် အင်တာနက်မှာပျံနှံခဲ့တာဖြစ်ပါတယ်။
အဆိုပါ လုပ်ကြံသတင်းမှာ တရုတ်ပိုင်နက်ကို ဝင်ရောက်လာတဲ့ မြန်မာတိုက်လေယာဉ်ကို တရုတ်တို့က အမြောက်များ ဖြင့် ပစ်ခတ်သတိပေးသော်လည်း မလိုက်နာတဲ့အတွက် ပစ်ချလိုက်တယ်လို့ ဆိုထားပါတယ်။
Kachinlandnews ဆိုသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ဝက်ဘ်ဆိုဒ်သတင်းစာမျက်နှာတွင်လည်း မြန်မာလေတပ်မှ တိုက်လေယာဉ်တစီး မုံးကိုးမြို့အနီးရှိ နမ်ဆုကျေးရွာမှာ ပျက်ကျသွားကြောင်း၊ ပစ်ချခံ ရတာလား၊ စက်ချို့ယွင်းမှုကြောင့်လား ဆိုသည်ကို မသိရသေးကြောင်း ရေးသားထားပါတယ်။
မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ရက်နေ့ကတည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ဖောင်းဆိုင် စသည့်ဒေသတွေမှာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ မုံးကိုး တိုက်ပွဲမှာ ပြင်းထန်ပြီး၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မုံးကိုးဒေသကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။