ထိုင်းဘုရင့်တော်ဝင်လေတပ်မှ ဆွီဒင်နိုင်ငံလုပ် Saab A JAS-39 ဂရစ်ပင်အမျိုးအစား အပေါ့စား တိုက်လေယာဉ် တစီးဟာ ယနေ့ကျရောက်တဲ့ ကလေးများနေ့မှာ သရုပ်ပြပျံသန်း မောင်းနှင်ရင်း ပျက်ကျသွားကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
အဆိုပါလေယာဉ်ဟာ ဆွန်ခလာပြည်နယ် ဟတ်ယိုင်ဒေသမှာ သရုပ်ပြမောင်းနှင်ရင်း ပျက်ကျသွားတာဖြစ်ပြီး၊ လေယာဉ်မှူးကသေဆုံးခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ကလေးများနေ့မှာ မိသားစုတော်တော်များ သရုပ်ပြမှုကို ကြည့်ရှု့ဖို့ ရောက်ရှိနေကျတာဖြစ်ပြီး၊ ထိုင်းဘုရင့်လေတပ်ရဲ့ Facebook စာမျက်နှာမှာတော့ တိုက်လေယာဉ်ပျက်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို မဖြန့်ဖို့ တိုက်တွန်းထားပါတယ်။
ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက လေယာဉ်မှူးနဲ့ သူ့မိသားစုကို ဝမ်းနည်းကြောင်းပေးပို့ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံလုပ် Saab A JAS -39 ဂရစ်ပင်တိုက်လေယာဉ်တွေဟာ အင်ဂျင်တလုံးတပ် ဘက်စုံသုံး အပေါ့စားတိုက်လေယာဉ်ဖြစ်ပြီး ဆွီဒင်လေယာဉ်ထုတ်ရေးကုမ္ပဏီ Saab ထုတ်လုပ်တာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံတနိုင်ငံထဲသာ ပိုင်ဆိုင်ပြီး၊ တစီးရဲ့ တန်ဘိုးဟာ အမေရိကန် ဒေါ်လာ သန်း ၇၀(ထိုင်းဘတ် ၂.၅ဘီလျံ)ရှိကာ ၁၂စီးဝယ်ယူထားတယ်လို့ သိရပါတယ်။