ထိုင်းတော်ဝင်လေတပ်မှ ပျက်ကျသွားတဲ့ Gripen အမျိုးအစားအပေါ့စားတိုက်လေယာဉ်ဟာ မပျံသန်းမီစစ်ဆေး ချက်များအရ စက်ပိုင်းဆိုင်ရာ ကောင်းမွန်သကဲ့သို့ လေသူရဲဟာလည်း ကျန်းမာရေးကောင်းမွန်တာကို တွေ့ ရတယ်လို့ လေတပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post ကဆိုပါတယ်။
ဆူရတ်ဌာနီ အခြေစိုက် လေတပ်စခန်းမှ အသက် ၃၄နှစ် အရွယ်ရှိ လေသူရဲ Dilokrit Pattavee မောင်းနှင်တဲ့ ဂရစ်ပင်အမျိုးအစား JAS 39 C အပေါ့စားတိုက်လေယာဉ်ဟာ မနေ့က ကျရောက်တဲ့ ထိုင်းနိုင်ငံ ကလေးများနေ့ မှာ ဟတ်ယိုင်ဒေသ၌ သရုပ်ပြပျံသန်းရာ ကလေးများနဲ့ မိဘများရဲ့ ရှေ့ ပြေးလမ်းအနီးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျပြီးတဲ့နောက်မျာ ထိုင်းလေတပ်က စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။
မျက်မြင်သက်သေတွေ အဆိုအရ ဒီလေယာဉ်ဟာ လေဆိပ်အနီးကို ချဉ်းကပ်လာပြီး ရုတ်တရက် တိုက်ခိုက်တဲ့ဟန် ပုံစံမျိုး ပြုလုပ်လိုက်စဉ်ပဲ ထိန်းချုပ်မှုကင်းမဲ့ကာ ဦးစိုက်ထိုးကျကာ ပေါက်ကွဲသွား တာဖြစ်ပါတယ်။
ထိုင်းဘုရင့်လေတပ်က လုံခြုံရေးဌာန ဒါရိုက်တာ Sorakit Mangsing ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ် သက်ပြီး ထုတ်ပြန်ဖို့ စောလွန်းကြောင်း၊ စုံစမ်းစစ်ဆေးဖို့ အချိန် ၁လလောက်ယူရ
မှာဖြစ်ကြောင်း ပျက်ကျတဲ့နေရာ၊ မျက်မြင်သက်သေ စတာတွေကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှသာ ပြောနိုင်မှာဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒါရိုက်တာ Sorakit Mangsing ကတော့ လတ်တလောတွေ့ရှိချက်တွေအရ လေသူရဲဟာ လည်း ကောင်းကောင်းလေ့ကျင်မှုရှိသူဖြစ်သလို၊ လေယာဉ်ဟာလည်း ပြုပြင်ထိန်းသိမ်းမှု ကောင်းကောင်းပြုလုပ် ထားတာကြောင့် လေကြောင်းပြပွဲမှာ သုံးတာဖြစ်တယ်ဆိုပါတယ်။
လေသူရဲ Dilokrit ရဲ့ ရုပ်အလောင်းကိုတော့ ဆွန်ခလာဆေးရုံကြီး ပို့ထားလိုက်ပြီဖြစ်ပြီး၊ မနက်ဖြန်မှာ တော့ သဂြိုလ်မှာဖြစ်ပါတယ်။ သူဟာ ထိုင်းတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ACM Arom Pattaweeရဲ့ သားဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝမ်ကလည်း လေတပ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ လေသူရဲမိသားစုကို ကူညီထောက်ပံဖို့ ပြောကြားခဲ့ပါတယ်။
ထိုင်းလေတပ်ကလည်း သေဆုံးသွားတဲ့ လေသူရဲမိသားစုကို လေးစားတဲ့အနေနဲ့ လေယာဉ်ပျက်ကတဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မဖြန့်ချိဖို့ ပန်ကြားခဲ့ပါတယ်။
ဆွီဒင်နိုင်ငံလုပ် Saab A JAS -39 ဂရစ်ပင်တိုက်လေယာဉ်တွေဟာ အင်ဂျင်တလုံးတပ် ဘက်စုံသုံး အပေါ့စားတိုက်လေယာဉ်ဖြစ်ပြီး ဆွီဒင်လေယာဉ်ထုတ်ရေးကုမ္ပဏီ Saab ထုတ်လုပ်တာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံတနိုင်ငံထဲသာ ပိုင်ဆိုင်ပြီး၊ တစီးရဲ့ တန်ဘိုးဟာ အမေရိကန် ဒေါ်လာ သန်း ၇၀(ထိုင်းဘတ် ၂.၅ဘီလျံ)ရှိကာ ၁၂စီးဝယ်ယူထားတယ်လို့ သိရပါတယ်။