ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကားလိုင်းများကို စနစ်သစ်ဖြင့် ယနေ့စတင် ပြေးဆွဲနေရာ နောက်ထပ် ယာဉ်လိုင်း ၉လိုင်းကို ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။
လက်ရှိ ယာဉ်လိုင်းနံပါတ် ၁ မှ ၆၀ အထိ(နံပါတ် ၁၃ မပါ) ရှိရာမှ အခုအခါတွင် ယာဉ်လိုင်းနံပါတ် ၆၂ မှ ၇၀ ထိထပ်မံတိုးခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်မှ စတင်ပြောင်းလဲလိုက်သည့် ယာဉ်လိုင်းစနစ်သစ်တွင် စီးနင်းသူ ခရီးသွားပြည်သူများ အနေဖြင့် ယာဉ်အစီးအရေအတွက် မလုံလောက်သည့်အတွက် ကြန့်ကြာမှုများ ကြုံတွေ့နေရာ အခြား သောအရပ်ဖက် အဖွဲ့အစည်းများနှင့် ပြည်သူတချို့က ကိုယ်ပိုင်ယာဉ်များဖြင့် အခမဲ့ ဝင်ရောက် ပြေးဆွဲ ပေးနေရသည်ကို မြင်တွေ့နေရသည်။
ယနေ့စတင်သည့် ယာဉ်လိုင်းစနစ်သစ်တွင် သခင်မြပန်းခြံ- ကမ်းနားလမ်း- မဟာဗန္ဓုလ လမ်း- ဗိုလ်တထောင်ဘုရားလမ်း- ကမ်းနားလမ်း- သခင်မြပန်းခြံ သို့ ပြေးဆွဲမည့် အမှတ် ၅၇ ယာဉ်လိုင်းမှာ လုံးဝပြေးဆွဲခြင်းမရှိကြောင်းသိရသည်။
ထို့အတွက် ခရီးသည်များ အခက်အခဲကြုံတွေ့နေရပြီး၊ ယင်းသို့ပြေးဆွဲခြင်းမရှိမှုအပေါ် သယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့သို့ ခရီးသည်များ အကူအညီပေးရေး စောင့်ကြည့်အဖွဲ့ မှ တင်ပြထား ကြောင်း ယင်းအဖွဲ့၏ ဗိုလ်တထောင်မြို့နယ်မှ စေတနာ့ဝန်ထမ်းတဦးကပြောသည်။
ဧရာဝတီသတင်းထောက် ထွန်းထွန်းပေးပို့သည်။