တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်သစ်ကူးအကြိုညက လူပေါင်း ၃၉ဦး သေဆုံးခဲ့တဲ့ Reina ကလပ် တိုက်ခိုက်မှုမှာ သံသယရှိသူ ဥဇဘက်လူမျိုး Abdulkadir Masharipov ဆိုသူကို လုံခြုံရေးတပ်ဖွဲ့တွေ က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
သူဟာ Reina ကလပ်တိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် ထွက်ပြေးကာ လုံခြုံတဲ့အိမ်တအိမ်မှာ ပုန်းအောင်းနေရာမှ ဇနီးနှင့် သားက ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးနောက်၊ ၄နှစ်အရွယ်သားဖြစ်သူကို ခေါ်ဆောင်ကာ ထွက်ပြေးနေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်၊ သားဖြစ်သူကိုတော့ သက်ဆိုင်ရာက စောင့်ရှောက်ထားပါတယ်။
သူနဲ့အတူ ကာဂျစ်လူမျိုး အမျိုးသားတဦးနှင့် အတူ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ ဥဇဘက်လူမျိုး Abdulkadir Masharipov ဟာ နှစ်သစ်ကူးအကြိုညက ဆန်တာကလော့ ဝတ်စုံကို ဝတ်ဆင်ကာ Reina ကလပ်သို့ သွားရောက်ပြီး၊ လူအုပ်ထဲသို့ ကလက်ရှ်နီကော့ဗ် မောင်း ပြန်ရိုင်ဖယ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုသို့ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၃၉ဦးသေဆုံးခဲ့ပါတယ်။
ယခုလစောစောပိုင်းကတည်းက တူရကီရဲတပ်ဖွဲ့က Reina ကလပ်မှာ တိုက်ခိုက်သူဟာ Abdulkadir Masharipov ဆိုသူဖြစ်ကြောင်းကို ကြေညာထားပြီးဖြစ်သလို၊ IS အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောဆိုခဲ့ပါတယ်။