ထိုင်းရုပ်မြင်သံကြားမှာ ဘောလုံးစွမ်းရည်ပြသွားတဲ့ ၇နှစ်အရွယ် နောင်ပီးဆိုသူ ကလေးငယ်ကို အင်္ဂလန် လက်စတာ စီးတီးအသင်းက ထောက်ပံကူညီရန် ကမ်းလှမ်းလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
လက်စတာစီးတီးအသင်းကို ထိုင်းသန်းကြွယ်သူဌေး Vichai Srivaddhanaprabhaက ပိုင်ဆိုင်တာဖြစ်ပါတယ်။
မွန်လူမျိုး မိဘ ၂ပါးက မွေးဖွားခဲ့တဲ့ ၇နှစ်သားအရွယ်ရှိ ဆူဗင် ခေါ် နောင်ပီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့ က သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ထိုင်းရုပ်မြင်သံကြားမှာ ပြသခဲ့ပြီးနောက်၊ ဘောလုံးကလပ်အသင်း တော်တော် များများက သူ့အပေါ်စိတ်ဝင်စားခဲ့ပြီး၊ သူ့ရဲ့ စွမ်းရည်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ကြည့်ရှု့သူ ပေါင်း ၉.၁သန် ရှိခဲ့ပါတယ်။
လက်စတာစီးတီးအသင်းရဲ့ ဒုဥက္ကဋ္ဌ Aiyawatt Srivaddhanaprabhaကလည်း ဒီလူငယ်လေးရဲ့ အနာဂတ် အတွက် ကြေးစားဘောလုံးသမားတဦးဖြစ်လာဖို့ ကူညီသွားမယ်လို့ သတင်းစာရှင်လင်းပွဲမှာ ပြောဆိုသွား ပါတယ်။
လက်စတာစီးတီးအနေနဲ့ ဆူဗင်အတွက် ထိုင်းနိုင်ငံအတွင်း သို့မဟုတ် ပြည်ပမှာ ကျောင်းတက်နိုင်အောင်လည်း ထောက်ပံပေးမှာဖြစ်တဲ့အပြင် ဘောလုံးနဲ့ပတ်သက်ပြီး ဆက်လက်သင်ကြားနိုင်အောင်လည်း နည်းပြတဦးကို သူ့အတွက် ပို့ပေးမယ်လို့လည်း ဆိုပါတယ်။