ထိုင်းပင်လယ်ကမ်းခြေမြို့များဖြစ်သည့် ဖူးခက်၊ ဖန်င၊ ကရာဘီ၊ ရနောင်း စသည့်မြို့များနှင့် မြန်မာ ဘက်မှ မြိတ်မြို့အပါအဝင် တနင်္သာရီဒေသအကြား ရေကြောင်းခရီးသွားလုပ်ငန်းလုပ်ဆောင်ရန် ထိုင်းဘက်ကအဆိုပြုထားကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်း မောင်နှင့် ထိုင်း အားကစားနှင့် ခရီးသွားလုပ်ငန်း အမြဲတမ်း အတွင်းဝန် Pongpanu Svetarundra တို့ တွေ့ဆုံစဉ် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ထိုင်းအားကစားနှင့် ခရီးသွာလုပ်ငန်းဝန်ကြီးဌာနက ဇိမ်ခံသင်္ဘောများ၊ ရွက်လှေများအတွက် ဖူးခက်ဒေသဟာ အဓိကရပ်နားရာဖြစ်ကြောင်း၊ ခရီးသွားသင်္ဘောတွေလာရောက်မှုကြောင့် အက်ဒမန်ကမ်းခြေရှိဒေသများဟာ တိုးတက်ဖွံဖြိုးပြီး စီးပွားရေးအကျိုးအမြတ်တွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေကြောင်းသွားလာတဲ့ ခရီးသွားလုပ်ငန်းကို မြန်မာကမ်းရိုးတန်းအထိ တိုးချဲ့ဖို့ စီစဉ်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံအကြား စီးပွားရေးအကျိုးအမြတ်တွေကို ရရှိမှာဖြစ်တယ်လို့လည်း ထိုင်းအားကစားနဲ့ ခရီးသွားလုပ်ငန်းအတွင်းဝန် Pongpanu ကဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဝင်ငွေဟာ ထိုင်းGDPရဲ့ ၁၀ရာခိုင်နှုန်းရှိကြောင်းသိရပါတယ်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်ကလည်း မြန်မာအစိုးရအနေနဲ့ လေကြောင်း၊ ရေကြောင်းနဲ့ ကုန်လမ်းခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံနှင့်အတူ လုပ်ကိုင်ဖို့ အားပေးကြောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ပိုမိုခရီးသွားလာရေး အတွက် ဘန်ကောက်-ထားဝယ်- မြိတ်- ကော့သောင်း စတဲ့လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲဖို့ ထိုင်းနိုင်ငံဘက်က ကမ်းလှမ်းလာမယ့်လို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။