ယမန်နေ့ မတ်လ ၇ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်ကြောင်း ကာကွယ်ပြောဆိုခဲ့သော်လည်း သတင်းစာနယ်ဇင်းသမားများက မီဒီယာလုပ်ငန်းအတွင်း အစိုးရက ဝင်ရောက် ခွဲခြားခြယ်လှယ်ခြင်းကို လက်မခံနိုင်ကြောင်း ပြောကြသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဦးအောင်ကြည်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် နိုင်ငံတကာ စံနှုန်းနှင့်ညီပြီး သတင်းစာလွတ်လပ်ခွင့်ကို လုံးဝ အဟန့်အတား မဖြစ်စေဘဲ “စာပေ အဆိပ်အတောက်” ပတ်ဝန်းကျင်ကို ဖယ်ရှားသန့်ရှင်းရန်သာ လွှတ်တော်သို့ တင်သွင်းရခြင်း ဖြစ်ကြောင်း သတင်းနှင့် စာနယ်ဇင်းသမားများ၏ ဆန့်ကျင်ဝေဖန် ကန့်ကွက်မှုများအပေါ် ခုခံ ပြောဆိုသည်။
”ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း ဟာ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသား ထုတ်ဝေခွင့် တို့ကို ဟန့်တား နှောင့်ယှက်ခြင်း လုံးဝမရှိစေဘဲ ပုံနှိပ်သူ၊ ထုတ်ဝေသူများ၊ စာနယ်ဇင်း သမားများ အားလုံးအတွက် လုံခြုံစိတ်ချရမှုနဲ့ လုပ်ငန်းလွယ်ကူ အဆင်ပြေစေမှုတို့ကို အဓိကထားပြီး အနာဂတ်ကာလ စာပေအဆိပ် အတောက် ကင်းစင်စွာ ရှင်သန် ဖွံ့ဖြိုးရေး မျှော်မှန်း ချက်ဖြင့် ရေးသားထားသော ဥပဒေကြမ်းဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်သို့ အခိုင်အမာ ပြောဆိုသည်။
မီဒီယာသမားများ ထောက်ပြသော အဓိကအချက်ဖြစ်သည့် စည်းကမ်းချက်များနှင့် မညီသော ထုတ်ဝေစာကိုလည်း invalid publication တရားမဝင် ထုတ်ဝေစာ အဖြစ် သတ်မှတ်ကြေညာမည်ဖြစ်ပြီး ဆက်လက်ပုံနှိပ်ခြင်း မပြုရန်၊ ထုတ်ဝေခြင်း မပြုရန်သာ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် ဖမ်းဆီးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းများ လုံးဝမပြုလုပ်ဘဲ ဆိုးရွားစွာ ထပ်မံ ဖောက်ဖျက်မှသာ တရားမကြောင်းအရ တရားစွဲမည် ဖြစ်ကြောင်း၊ ယခင် ဥပဒေများမှာ ပြစ်မှုကြောင်းအရ အရေးယူပြီး နိုင်ငံပိုင် သိမ်းနိုင်သည်အထိ အရေးယူနိုင်သောကြောင့် ယခုဥပဒေသည် ပို၍ တရားမျှတမှုကို ဦးစားပေးထားခြင်း ဖြစ်ကြောင်း ဦးအောင်ကြည်ကဆိုသည်။
သတင်းနှင့် စာနယ်ဇင်း အသိုင်းအဝိုင်းကမူ ဥပဒေကြမ်းပါ စည်းကမ်းချက်များ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ မတိကျခြင်းကြောင့် လိုရာဆွဲပြီး အစိုးရနှင့် အခြား အာဏာပိုင် ပုဂ္ဂိုလ်များက အလွဲသုံးစားလုပ် ချိုးဖောက်နိုင်စေရန် လမ်းဖွင့်ပေးရာရောက်မည်ကိုသော်၎င်း၊ ထို့ပြင် ပုံနှိပ်ထုတ်ဝေခြင်းလိုင်စင်ကို ထိန်းချုပ်ထားခြင်းဖြင့် သတင်းစာ၏ ပေါ်လစီကို ဩဇာလွှမ်းနိုင်မည်ကိုသော်၎င်း စိုးရိမ်နေကြသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ရုံဖြင့် လက်ခံမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ မောင်ဝံသက ဧရာဝတီသို့ ပြောသည်။
”ပုံနှိပ် ထုတ်ဝေသူတွေကိုပဲ ရည်ရွယ်တယ်လို့ ပြောပေမယ့် ကျနော်တို့အပါအဝင် မီဒီယာလောက တခုလုံးက လက်မခံပါဘူး။ သတင်းမီဒီယာပဲလုပ်လုပ် စာအုပ် ထုတ်ဝေရေးပဲလုပ်လုပ် ပုံနှိပ်သူရယ်၊ ထုတ်ဝေသူရယ်၊ အယ်ဒီတာရယ်က ဆက်စပ်နေတယ်။ အယ်ဒီတာပိုင်းကိုတော့ သတင်း လွတ်လပ်ခွင့်ပေးတယ်။ ရေးနိုင်တယ်ပြောပြီး ပုံနှိပ်သူနဲ့ ထုတ်ဝေသူကို တဖက်က ပြန်ကိုင်ထားတယ်ဆိုရင် ဘယ်လိုမှ ကျနော်တို့က အလုပ်လုပ်လို့မရဘူး။ သတင်းလွတ်လပ်ခွင့်ရှိတယ်လို့ မပြောနိုင်တော့ဘူး”ဟု မောင်ဝံသက ပြောသည်။
၁၉၆၂ ခုနှစ်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းတွင် လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ဟု ခေါ်ဆိုထားသော ထုတ်ဝေခွင့်၊ ပုံနှိပ်ခွင့်လိုင်စင်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဥပဒေဖြင့် တရားဝင်ထိန်းချုပ်ထားသဖြင့် ယင်းဥပဒေကြမ်းကို လက်ခံမည်မဟုတ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး သတင်းစာဆရာ ဦးမြင့်ကျော်ကလည်း ပြောသည်။
”ဘယ်လိုပဲပြောပြော လိုင်စင်စနစ်ကို ထိန်းချုပ်ထားသ၍ ကျနော်တို့က လက်ခံမှာမဟုတ်ဘူး။ နောက်ပြီး ဥပဒေကြမ်းရဲ့ ပုဒ်မ ၇ က ဖွင့်ဆိုချက်တွေဟာ ရေရာရှင်းလင်း တိကျမှု မရှိလို့ လက်မခံနိုင်ပါဘူး”ဟု ဦးမြင့်ကျော်က ပြောသည်။
ဥပဒေကြမ်း၏ အခန်း ၃ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းများတွင် စည်းကမ်းချက်ငါးချက်ပါဝင်ပြီး ယင်းစည်းကမ်းချက်များအနက် ပုဒ်မ ၇ (ခ) နှင့် (ဂ)တွင် “တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော်လည်းကောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန်သော်လည်းကောင်း လှုံ့ဆော်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား တည်ဆဲဥပဒေများအရ ပြဋ္ဌာန်းများကို ဆန့်ကျင် ဖောက်ဖျက်ရာရောက်သည့် အရေးအသား၊ စာများထုတ်ဝေခြင်း” ဆိုသော တားမြစ်ချက် စည်းကမ်းများသည် စာနယ်ဇင်းသမားများအပေါ် လိုရာဆွဲ ထိန်းချုပ်ကန့်သတ်နိုင်ရန် ရေးဆွဲထားသော စည်းကမ်းချက်များဖြစ်သည်ဟု စာနယ်ဇင်းသမားများက ဆိုကြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က မူကြမ်းရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ ပထမမူကြမ်း၊ အခန်း ၆၊ ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ တည်ထောင်ခြင်း၊ ပုဒ်မ ၃၀ (ဃ) တွင် ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ၏ မှတ်ပုံတင် အသိအမှတ်ပြု လက်မှတ်ကို တရားရုံးမှအပ မည်သူမျှပယ်ဖျက်ခွင့်၊ ငြင်းပယ်ခွင့်မရှိစေရ ဟု ပြဋ္ဌာန်းထားရာ ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်နှင့် လုံး၀ ဆန့်ကျင်ခြားနားလျက် ရှိသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြင်ဆင်ချက်နှင့် ဖြည့်စွက်ချက် အချို့ ပြုလုပ်ခဲ့ပြီး ပြင်ဆင်ချက်များတွင် ထောင်ဒဏ်အစား ငွေဒဏ်သို့ ပြောင်းလဲခြင်း၊ ထုတ်ဝေခွင့် (သို့မဟုတ်) ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခံနေရစဉ် ကာလအတွင်း ထုတ်ဝေသူ (သို့မဟုတ်) ပုံနှိပ်သူ က ဝန်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေရမည် အစား နိုင်ငံတော် သမ္မတထံသို့ အယူခံပိုင်ခွင့် ရှိစေရမည် ဟု ပြင်ဆင်ပေးခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အသစ်ဖြည့်စွက်ချက်တွင်လည်း ဤဥပဒေပါ မည်သည့် အရေးယူ ဆောင်ရွက်မှုများ မဆို နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ
ထုတ်ဖော် ပြောဆိုခြင်းများကို မထိခိုက်စေရန် နှင့် မည်သူမဆို သီးခြားဥပဒေ ပြဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုထုတ်လွှင့်ခြင်း လုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရဟု ဖော်ပြထားသည်။
သတင်းမီဒီယာသမားများနှင့် မကြာခဏ ထိတွေ့ဆက်ဆံမှုရှိသော လွှတ်တော်ကော်မတီများဖြစ်သည့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီနှင့် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ တို့က မီဒီယာလောကသမားများ၏ သဘောထားနှင့် တသားတည်းဖြစ်ကြောင်း၊ မီဒီယာလောကနှင့် သက်ဆိုင်သော မည်သည့် ဥပဒေကြမ်းကိုမဆို မီဒီယာလောကသားများ၏ သဘောဆန္ဒပါဝင်ပြီး အားလုံးကျေနပ်လက်ခံမှသာ အတည်ပြုမည်ဟု ကတိပြုထားကြောင်း၊ လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လေးစားအားကိုးကြောင်း သတင်းနှင့် စာနယ်ဇင်းသမားများ ကိုယ်စား မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ ဆရာမောင်ဝံသက ဧရာဝတီသို့ ပြောဆိုသည်။