အစိုးရက ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုလိုက်ပြီးနောက် တလကျော်ကြာမြင့်လာချိန် ဈေးကွက်အတွင်းတွင် အခမဲ့ဖြန့်ချိထုတ်ဝေသော သတင်းစာအချို့ ပေါ်ထွက်လာသည်အထိ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ၏ ပြိုင်ဆိုင်မှုပြင်းထန်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းရှိရသည်။
ဧပြီလ ၁ ရက်နေ့စပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာထုတ်ဝေခွင့်များချထားပေးခဲ့ပြီး လတ်တလော ထုတ်ဝေခွင့် ရရှိသော ပုဂ္ဂလိကသတင်းစာ ၂၆ ထိရှိလာကြောင်း၊ ဈေးကွက်အတွင်းတွင်မူ ထုတ်ဝေဖြန့်ချိနေသော ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ရှိပြီး Messenger သတင်းစာမှာ မေလ ၇ ရက်နေ့တွင် အခမဲ့သတင်းစာအဖြစ် ထွက်ရှိလာကြောင်း၊ ပုဂ္ဂလိက သတင်းစာများ အပြိုင်အဆိုင် ထုတ်ဝေမှု အရှိန်မြှင့်လာသည်နှင့်အမျှ ရန်ကုန်ဈေးကွက်၊ မန္တလေးဈေးကွက် အပါအဝင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်ဝေစုရရှိရေး ပုံစံမျိုးစုံဖြင့် အရောင်းမြှင့်တင်လျက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လတ်တလောဈေးကွက်တွင် The Voice ၊ 7 Day ၊ Daily Eleven ၊ ရွှေနိုင်ငံ ၊ စံတော်ချိန် ၊ Yangon Time ၊ News Week၊ ပြည်ထောင်စု နေ့စဉ် ၊ Messenger Daily ၊ ခေတ်သစ်နေ့စဉ် တို့ဖြစ်ပြီး ဈေးကွက်ဦးဆောင်နေသော သတင်းစာ Daily Eleven ၊ The Voice နှင့် 7 Day တို့ဖြစ်ကြောင်း၊ အရောင်းရဆုံးသတင်းစာများ၏ စောင်ရေသည် အနည်းဆုံး ၃ သောင်း အထက်တွင် ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၏ အထင်ကရ သတင်းစာနှင့်စာအုပ်ဖြန့်ချိရေးလုပ်ငန်းတခုဖြစ်သည့် ဆင်တောင်ကြီးစာပေတိုက်ပိုင်ရှင် ဒေါ်ခင်မျိုးညွှန့် က Daily Eleven သတင်းစာသည် အရောင်းရဆုံးနှင့် စောင်ရေအများဆုံးဖြစ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
”ကျမတို့ဆိုင် အနေအထားနဲ့ ပြောရရင် Eleven သတင်းစာက စောင်ရေအများဆုံးပဲ။ 7 Day နဲ့ The Voice လည်း ရောင်း ရတယ်”ဟု ဒေါ်ခင်မျိုးညွှန့်က ဆိုသည်။
ပုဂ္ဂလိကသတင်းစာများ ပုံစံအမျိုးမျိုးဖြင့် အရောင်းမြှင့်တင်နေကြရာတွင် လူမှုရေးနှင့်နာရေးကြော်ငြာများ အခမဲ့ ထည့်သွင်းပေးခြင်း၊ သတင်းစာဝယ်ဖတ်သူတိုင်းကို တန်ဖိုးကြီးကွန်ပျူတာနှင့် ဖုန်းဟန်းဆက်များ ကံစမ်းမဲဖောက် ပေးသည့်စနစ် ကျင့်သုံးခြင်း၊ အခမဲ့ သတင်းစာ ဖြန့်ဝေခြင်း အပါအဝင် အရောင်းမြှင့်တင်ရေး နည်းလမ်းမျိုးစုံကို အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
Yangon Time နေ့စဉ်ထုတ်သတင်းစာက သတင်းစာဝယ်ယူဖတ်ရှုသူများကို Samsung Galaxy S4 ဖုန်းဟန်းဆက် တလုံးကို တပတ်လျှင် တကြိမ် ကံစမ်းမဲဖောက် မေတ္တာလက်ဆောင်ပေးသွားမည်ဟု အဆိုပါသတင်းစာ၏ လက်ထောက်အုပ်ချုပ်မှု အယ်ဒီတာ ကိုစောမြင့်သန်းက ပြောသည်။
”ကျနော်တို့ သတင်းစာကို ဝယ်ဖတ်တဲ့သူတွေအနေနဲ့ သတင်းစာမှာပါတဲ့ ကံစမ်းမဲပေးပို့ရမယ့် လျှောက်လွှာလေးကို ဖြဲပြီး အမည်လိပ်စာရေး၊ ပြီးရင် စာတိုက်ပို့ရုံပဲ။ ရောက်လာတဲ့ ကံစမ်းမဲလျှောက်လွှာတွေကို မဲနှိုက်ပြီး ကံထူးတဲ့သူကို Samsung Galaxy S4 ဖုန်းဟန်းဆက် တလုံး အပတ်စဉ် ချီးမြှင့်ပါ့မယ်။ မနက်ဖြန် ၈ ရက်နေ့ကစပြီး အပတ်စဉ် မဲဖောက် ပေးမှာ”ဟု ကိုစောမြင့်သန်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး၏ သား ဦးဇော်မင်းအေးထုတ်ဝေသော Messenger သတင်းစာ က အခြားပုဂ္ဂလိက သတင်းစာများကဲ့သို့ ငွေကြေးဖြင့် မရောင်းချတော့ဘဲ အခမဲ့ဖြန့်ဝေခြင်းဖြင့် ဈေးကွက်ဝေစု ရရန်ကြိုးစားလာကြောင်း၊ အထူးသဖြင့် ကြော်ငြာဖြင့် ရပ်တည်ရန် ကြိုးစားသော ပထမဆုံးသော အခမဲ့သတင်းစာ ဖြစ်လာသည်။
Meseenger သတင်းစာ၏ တာဝန်ခံအယ်ဒီတာဦးအောင်ပေါ်ထွန်းက ရန်ကုန်မြို့၏ လူစည်ကားသော ဈေးဝယ်စင်တာများ၊ လက်ဖက်ရည်ဆိုင်များ အပါအဝင် နေရာ ၄၀ တွင်သတင်းစာကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး နယ်မှ အမှာစာပေးပို့ ယူသူများ ထံသို့ လည်း အခမဲ့ ပို့ဆောင်ပေးလျက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။
”စာဖတ်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ နည်းလမ်းရှာရင်း အခမဲ့ထုတ်ဝေဖို့အယ်ဒီတာအဖွဲ့က ဆုံးဖြတ်လိုက်တာပါ။ တချို့တွေအတွက် သတင်းစာဖိုးက ဘာမှမဟုတ်ပေမဲ့ တချို့အတွက်တော့ မတတ်နိုင်ဘဲ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်”
ဟု ဦးအောင်ပေါ်ထွန်းက ပြောသည်။
ပုဂ္ဂလိကသတင်းစာများ ပုံစံမျိုးစုံဖြင့် အရောင်းမြှင့်တင်လျက်ရှိသော်လည်း ဖြန့်ချိရေးနှင့် ပုံနှိပ်စက်အခက်အခဲများသည် ပုဂ္ဂလိကသတင်းစာအချင်းချင်း ပြိုင်ဆိုင်ရာတွင် အဓိက ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော ပြသနာ ဖြစ်နေကြောင်း သိရှိရသည်။
စံတော်ချိန်သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ပုဂ္ဂလိက နေ့စဉ် သတင်းစာအချို့သည် ကိုယ်ပိုင် ပုံနှိပ်စက် မရှိသည့် အတွက် ပုံနှိပ်စက်ငှားရမ်း ရိုက်နှိပ်ရပြီး ဈေးကွက်အတွင်းသို့ အချိန်မီ မဖြန့်ချိ နိုင်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ သတင်းစာစောင်ရေ တိုးချင်သော်လည်း ပုံနှိပ်စက် နှင့် ဖြန့်ချိရေး အခက်အခဲကြောင့် စောင်ရေ တိုးမရိုက်နိုင်ဟု ပြောသည်။
“ပြသနာတက်တာက ပုံနှိပ်စက်။ ပုံနှိပ်စက် အပိုင်မရှိတော့ စာမျက်နှာတွေကို ပုံနှိပ်စက်တွေခွဲပြီးအပိုင်းပိုင်း ခွဲရိုက်နေရတယ်။ အချိန်ယူရတော့ စောင်ရေကတိုးရိုက်လို့ မရဘူး။ ဖြန့်ချိရေးမှာကကိုယ်တိုင် မဖြန့်နိုင်တော့ ကိုယ်စားလှယ်ကြီးတွေကိုအားကိုးနေရတယ်။ ရှင်းရှင်းပြောရရင် နယ်တွေကို ရောက်အောင် မဖြန့်နိုင်သေးဘူး”ဟု သူက ဆိုသည်။
7 Day သတင်းစာ၏ အမှုဆောင်အယ်ဒီတာက ကိုအားမာန်ကလည်း ပုံနှိပ်ရေးနှင်ဖြန့်ချိရေးပြသနာသာမက အစိုးရဌာနဆိုင်ရာများက သတင်းထောက်များ၏ ဆက်သွယ်မေးမြန်းချက်ကို မဖြေသောကြောင့် သတင်းရရှိရေး အပိုင်းတွင်ပါ အခက်အခဲများကြုံတွေ့နေရကြောင်း ရှင်းပြသည်။
”ပုံနှိပ်ရေးနဲ့ ထုတ်ဝေဖြန့်ချိရေးမှာ ပြဿနာ ကြုံနေရတယ်။ ညဖောင်ပိတ်ပြီးတော့ မနက်စောစော ဈေးကွက်ကို ဖြန့်နိုင်ဖို့ကပုံနှိပ်စက်တွေ ခွဲရိုက်နေရတော့ အဆင်မပြေဘူး။ သတင်းယူတဲ့ အပိုင်းမှာ အားမရသေးပေမဲ့ နေ့စဉ်တော့ ရေးလို့ ရနေတယ်။ အစိုးရဌာန ဆိုင်ရာတွေဆီကသတင်းရယူဖို့ကလည်း သိပ်မလွယ်သေးဘူး”ဟု ကိုအားမာန်က ရှင်းပြသည်။
ပုဂ္ဂလိကသတင်းစာလောကဖွံ့ဖြိုးရေးအတွက် ဈေးကွက်ဝေစုရရှိရေး အရေးကြီးသကဲ့သို့ အစိုးရပိုင်းကလည်း ဖေးမကူညီမှုများ လုပ်ဆောင်ပေးသင့်သည်ဟု ဝါရင့်သတင်းစာဆရာတဦးဖြစ်သူ ဦးရဲနိုင်မိုးက သုံးသပ်သည်။
”ပုဂ္ဂလိကသတင်းစာတွေ ဖွံ့ဖြိုးလာဖို့က ဈေးကွက် အပေါ်မှာ မူတည်တယ်။ စာဖတ်သူတွေရဲ့ သတင်းစာကို ဖတ်နိုင်တဲ့ Media Literacy အပေါ်မှာလည်း မူတည်တယ်။ အစိုးရ ပိုင်းကပါ မီဒီယာ ဖွံဖြိုးတိုးတက်ရေး အတွက် ဘယ်လောက်လမ်းဖွင့်ပေးမှာလဲ။ ဆက်နွယ်ပြီးပြောရရင် အခုပြဋ္ဌာန်းဖို့ လုပ်နေတဲ့ မီဒီယာဥပဒေ အပေါ်မှာလည်း မူတည်တယ်”ဟု ဦးရဲနိုင်မိုးက ဆိုသည်။
ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို ဈေးကွက်တွင် တစောင်လျှင် ၂၀၀ မှ ၃၀၀ အကြား ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။