ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF/AZG) က မွတ်စလင်များဘက်မှ ပါဝင်ပက်သက်မှု မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုလိုက်ကြောင်း သိရသည်။
ထိုဖြစ်စဉ်တွင် MSF အနေဖြင့် နောက်ကွယ်မှ ပါဝင်ပက်သက်ခဲ့သည်ဆိုသည့် ကောလာဟလ များကြောင့် ၎င်းတို့ အဖွဲ့အစည်းကို အစိုးရစစ်တပ်မှ လာရောက်ရှာဖွေသော်လည်း ဘာမှမတွေ့ခဲ့သည်ကို အစိုးရ ဌာနဆိုင်ရာများက အသိအမှတ် ပြုပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ပေးမှု မရှိသေးကြောင်း MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp က ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကောလာဟလတွေ ပေါ်မှာပဲ မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့လို့ ပြောချင်ပါတယ်။ အဲဒီ ကောလာဟလပေါ်မှာ မူတည် ဆုံးဖြတ်တဲ့ အတွက်ကြောင့် ရှာဖွေခံရတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် အများကြီး ထိခိုက်နစ်နာပါတယ်” ဟု ၎င်းက ဆိုသည်။
MSF သည် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး ကျူးကျော်ဝင်ရောက်ခြင်း ကိစ္စ၊ ဘာသာရေး ကိစ္စ၊ နိုင်ငံရေးကိစ္စ များအပေါ် စိတ်ဝင်စားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
ယခု ဖြစ်ပျက်မှုများတွင် မည်သူမှားသည်၊ မည်သူမှန်သည်ကို မသုံးသပ်လိုကြောင်း၊ ၎င်းတို့သည် မည်သည့်လူမျိုးကိုမဆို ကူညီပေးနေသည် ဆိုသော အမြင်များဖြင့် သုံးသပ်ပေးရန်အတွက် အစိုးရနှင့် ဒေသတွင်း လူထုကို မစ္စတာ Arjan Hehenkamp က တိုက်တွန်း လိုက်သည်။
MSF အဖွဲ့သည် ရခိုင်ဒေသတွင်သာ မကဘဲ တခြားသော ပဋိပက္ခဖြစ်ပျက်နေသော နေရာများတွင်လည်း အလုပ်လုပ်နေသော အဖွဲ့ဖြစ်ပြီး ထိုသို့ ပဋိပက္ခ ဖြစ်စဉ်တွင် အနည်းအကျဉ်းမျှ ပါဝင်ပက်သက်ခဲ့လျှင်လည်း ညွှန်ကြားရေးမှူး တဦးအနေဖြင့် အရင်ဦးဆုံး ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုလက်ရှိ အချိန်တွင် MSF ကို ရခိုင်လူထုအနေဖြင့် လက်မခံနိုင်ခြင်းမှာ ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ သဘောသဘာ၀ များကြောင့် ဖြစ်နိုင်ကြောင်း၊ MSF တွင် တာဝန်ထမ်းဆောင် ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ယခုကဲ့သို့ လူမျိုးစု ၂ စုအကြား ကြားညပ်ခံရသည့် ဖြစ်ရပ် မတွေ့ကြုံခဲ့ဖူးကြောင်း သူက ဆိုသည်။
“ကျနော်တို့ရဲ့ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ ဆေးကုသမှု လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ကုသပေးနေတာ၊ ကျန်တဲ့အပေါ်မှာ ခွဲခြားဆက်ဆံတယ်လို့ ပြောခဲ့ရင် ငြင်းဆိုမှာပါ။ ဒါပေမယ့် သေချာတာ တခုကတော့ လူမျိုးစု ၂ ခု အတွင်းမှာ လူမျိုးစုတစုကနေ နောက်တစုကို မြင်တဲ့အမြင်ကြောင့် ကျနော်တို့ရဲ့လုပ်ငန်းအပေါ်မှာ လာထိခိုက်မှု ရှိတာတော့ အမှန်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
လူမျိုးစု ၁ စုကို ကူညီသည့် အတွက်ကြောင့် နောက်လူမျိုးစုက အမြင်မကြည်လင် မှုများသည် ယခုကဲ့သို့ ပြဿနာ မဖြစ်ခင်ကတည်းက ရှိနေပြီးသား ဖြစ်ကြောင်း၊ ထို့အပြင် ယခု ဖြစ်စဉ်၌ ၎င်းတို့အဖွဲ့အစည်းမှ ဝန်ထမ်းတချို့သည် လက်နက်ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပက်သက်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိနေသည်ကိုလည်း သူက ငြင်းဆန်ကြောင်း Arjan Hehenkamp က ဆိုသည်။
MSF အဖွဲ့သည် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပုံစံမျိုးစုံဖြင့် အလုပ်လုပ်ပေးနေသည့် အဖွဲ့အစည်း တခုဖြစ်ကြောင်း၊ နှစ်ရှည် ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့စည်းတခုဖြစ်သကဲ့သို့ အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း လုပ်ပေးနေကြောင်း MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ Perer Paul de Groote က ရှင်းပြသည်။
MSF အဖွဲ့၏ အကြီးမားဆုံး စီမံကိန်းသည် HIV နှင့် တီဘီရောဂါ ဝေဒနာရှင်များကို ဝန်ဆောင်မှု ပေးသော လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် HIV လူနာများမှ လူ ၅ သောင်းမျှ ဆေးဝါးကုသမှု ကုထုံးရရှိနေပြီး MSF အဖွဲ့မှ လူ ၃ သောင်းကို ကုသမှု ပေးထားကြောင်း သိရသည်။ တီဘီ လူနာများအတွက် နှစ်စဉ် လူ ၃ ထောင်ကို ကုသမှုပေးနေကြောင်း၊ အဆိုပါ လူနာ များသည် HIV နှင့် ယှဉ်တွဲကာ ဝေဒနာ ခံစားနေသော လူနာများဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ နောက်ထပ် တိုးချဲ့ကုသပေးနေတာက ဆေးယဉ်ပါးနေတဲ့ တီဘီ လူနာတွေအတွက် ကုထုံးတွေ ထပ်ပေး နေပါတယ်။ မကြာခင်ကမှ အစိုးရကလည်း ကချင်ဒေသမှာ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အကူညီပေးလို့ ရတယ်လို့ ပြောတဲ့အတွက် ကျနော်တို့ အဲဒီဒေသခံတွေကို အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မစ္စတာ Perer ပြောသည်။
ရခိုင်ပြည်နယ်တွင် MSF အဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ချောမောစွာ ဆောင်ရွက်မရအောင် လူတချို့က ခြိမ်းခြောက်နှောင့်ယှက်မှုများနှင့် တွေ့ကြုံနေရကြောင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ရန်လိုအပ်သော လူနာများကို ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးရာတွင်လည်း အခက်အခဲများတွေ့ကြုံနေရပြီး အချိန်မီ မရောက်ရှိသောကြောင့် အသက်ဆုံးရှုံးမှုများရှိနေကြောင်း MSF အဖွဲ့က သတင်းထုတ်ပြန် ထားသည်။
၎င်းတို့ အဖွဲ့ရောက်ရှိခဲ့သော ဒုက္ခသည်စခန်းများတွင် အာဟာရချို့တဲ့မှု ပြင်းထန်သော ကလေးငယ်များကို တွေ့ရှိခဲ့ရပြီး အရေပြားရောဂါ၊ နာတာရှည် ချောင်းဆိုးရောဂါ၊ သန်ထခြင်း၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ဝမ်းပျက် ဝမ်းလျောရောဂါများ ဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
MSF အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် မည်သူ့ကိုမဆို ၎င်းတို့နှင့် လာရောက် စကားပြောရန် ကြိုဆိုထားကြောင်း၊ ရခိုင်လူထု အနေဖြင့် ယင်းတို့ကို ပြန်လည်လက်ခံရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဘာသာရေး ခေါင်းဆောင်များထံတွင် အကြံဉာဏ်များ ရယူခဲ့ကြောင်း Arjan Hehenkamp ကပြောသည်။
“ဒီကိစ္စနဲ့ ပက်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့လည်း စကားပြောဖြစ်ပါတယ်။ ရဟန်းပျိုအဖွဲ့ တွေနဲ့လည်း စကား ပြောဖြစ်ပါတယ်။ သူတို့က ဘယ်လိုအကြံဉာဏ်ရလဲ ဆိုရင် အရင်ဦးဆုံး စပြီးတော့ ညင်ညင်သာသာနဲ့ အလုပ်လုပ်ပါ၊ တစ်ခုခုမလုပ်ခင် တိုင်ပင်ပါ၊ သူတို့ကိုမေးမြန်းပါ၊ ပြဿနာ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းတချို့၊ လူတချို့နဲ့ စကားပြောနိုင်တဲ့ ပုံစံမျိုး လုပ်ပါလို့ အကြံပေးပါတယ်” ဟု ၎င်းက ဆိုသည်။