ယမန်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာသော မြန်မာ့ဒီမိုကရေစီရေး တက်ကြွစွာ စည်းရုံးလှုံ့ဆော်လာခဲ့သူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညနေ ၄ နာရီခန့်၌ နေအိမ်တွင် တရင်းတနှီး လက်ခံတွေ့ဆုံခဲ့သည်။
”မြန်မာနိုင်ငံကို လာရတာ ပျော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတာလည်း အရမ်း ကြည်နူးပါတယ်။ မြန်မာနိုင်ငံက စစ်မှန်တဲ့ လွတ်လပ်မှုဆီကို သွားနေတယ်” ဟု တောင်အာဖရိက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်သည့် အင်ဂလီကန် ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ လက်ကိုကိုင်တွဲလျှက် သတင်းထောက်များကို ပြောကြားသည်။
“ကျနော်တို့ဟာ မြန်မာနိုင်ငံကို အလားအလာရှိတဲ့ နိုင်င်ငံတခုဖြစ်လာတာကို မြင်ချင်တယ်”ဟုလည်း ဘုန်းတော်ကြီးက ပြောသည်။
လူ့အခွင့်အရေး၊ အသားအရောင်နှင့် လိင်ခွဲခြားမှု ဆန့်ကျင်ရေး၊ ဆင်းရဲမွဲတေမှု အေ့ဒ်စ်နှင့် တီဘီရောဂါ တိုက်ဖျက်ရေး တို့တွင် ရှေ့တန်းမှ တက်ကြွစွာ လှုံ့ဆော်သူ ဘုန်းတော်ကြီးသည် အမေရိကန်ပြည်ထောင်စုတက္ကသိုလ်များမှ ပါမောက္ခများ ပါဝင်သော Semester At Sea ဟု ခေါ်သည့် ပင်လယ်ကူးသင်္ဘောကြီးဖြင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။
မြန်မာ့ ဒီမိုကရေစီရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့ကို ၁၉၉၀ နှစ်ဦးပိုင်းကာလများကတည်းက ဦးဆောင်ပါဝင်လာခဲ့သူလည်း ဖြစ်သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်နှင့် စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်ဆီသို့ ဆက်သွားနိုင်ရန်
ပြည်သူများ အားလုံး လွတ်လပ်ရန် လိုအပ်ကြောင်း တွန်းအားပေးပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ နောက်ဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာပြီး တနှစ်အကြာ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော အမေရိကန်သမ္မတဟောင်း ကလင်တန်၏ ဖောင်ဒေးရှင်း အစည်းအဝေးတွင် ဗီဒီယိုမှတဆင့် စကားပြောဆိုနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက “I love you” ဟု ပြုံးစစနှင့် ပြောဆိုခဲ့၍ ပရိဿတ် ပွဲကျခဲ့ကြသည်။
တောင်အာဖရိက အမှန်တရားနှင့် ရင်ကြားစေ့ရေး ကော်မတီ ဥက္ကဌ တာဝန်ယူခဲ့သော ဘုန်းတော်ကြီးသည် နိုင်ငံရေးအကျဉ်းသားများနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ မနက်ဖြန် ညနေ ၃ နာရီတွင် ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ဟောပြောပွဲတရပ် ကျင်းပ ဟောပြောမည်ဟုလည်း သိရှိရသည်။
မတ်လ ၁ ရက်ထိ နေထိုင်မည့် ဘုန်းတော်ကြီးသည် ပုဂံနှင့် အင်းလေးသို့ သွားရောက်လည်ပတ်ရန်ရှိကြောင်း သိရသော်လည်းအစိုးရတာဝန်ရှိသူများနှင့်
တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက မိန့်သည်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကို ၁၉၃၁ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံတွင်မွေးဖွားခဲ့ပြီး ၁၉၈၀ များအတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွင် ဦးဆောင် တက်ကြွလှုပ်ရှားခဲ့သောကြောင့် ကမ္ဘာက သိရှိလာခဲ့သည်။ ၁၉၈၄ ခုနှစ် အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။