၂၀၀၁ ခုနှစ် ကျောင်းသားငြိမ်းချမ်းရေးဆုရှင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်း ထရွန်ဟန်းမြို့ကနေ မြို့တော်အော်စလိုဆီ ဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းက ရောက်လာပါတယ်။ ညနေ ၃ နာရီမှာတော့ နော်ဝေး နိုင်ငံရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပါတယ်။
ရင်းရင်းနှီးနှီးတွေ့ဆုံတယ်ဆိုတာ တကယ့်ကို ရင်းရင်းနှီးနှီးပါ။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ပြည်သူလူထု တွေ့တဲ့ပုံမျိုး လုံးဝမဟုတ်ပါဘူး။ ၁၉၈၈-၈၉ ကတည်းက ကွဲကွာသွားခဲ့တဲ့ ရဲဘော်သူငယ်ချင်းတွေ ၂၅ နှစ်ကြာပြီးမှ ပြန်လည်ဆုံတွေ့ရတဲ့ပွဲမျိုး။ ရဲဘော်ဟောင်းတွေပြန်ဆုံတဲ့ပွဲမျိုး၊ တကယ့်ကို ရင်ထဲက လာတဲ့ တွေ့ဆုံမှုမျိုးဖြစ်ပါတယ်။
”နှစ် ၂၀ ကျော်ကြာ တစစီပြန့်ကျဲသွားတဲ့ ပုတီးလုံးလေးတွေကို ကျနော်တို့ပြန်စုဖို့ အချိန်တန်ပါပြီ”လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ မူလ ပုတီးကုံးအတိုင်း ပြန်ဖြစ်ဖို့မလွယ်တော့ပေမယ့် ရသလောက်ပြန်စုပြီး အမေအိုလက်ထဲ ပုတီးကုံး ပြန်အပ်ဖို့လိုနေပြီလို့ သူက ဆိုပါတယ်။
တတိယနိုင်ငံတွေဆီ ရောက်နေတဲ့ ရဲဘော်တွေကို ဘယ်တော့ပြန်လာကြမလဲလို့ မေးတဲ့အခါ ”ကလေး တွေရဲ့ ပညာကိစ္စ ရှိသေးလို့” လောလောဆယ် မပြန်နိုင်သေးဘူးဆိုပြီးေ ဖြေကြတယ်လို့ ဆိုပါတယ်။ သားသမီးပညာရေးပြီးတော့ မြေးလေးတွေ ပညာရေးကိစ္စ ရှိသေးတယ်လို့ ထပ်ပြောကြဦးမယ် ထင်ပါတယ်ဆိုပြီး သူက နောက်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ကျေးလက်ဒေသက ကျောင်းမနေနိုင်၊ စာမသင်နိုင်ဖြစ်နေ တဲ့ ကလေးငယ်တွေရဲ့ ဘဝအခြေနေကို ပြောပြပါတယ်။
နောက်တခါ လက်ရှိ နိုင်ငံရေးအခြေနေဟာ တိုက်ပွဲအပိုင်း ကုန်သလောက် ရှိနေပါပြီ။ မကောင်းတာတွေကို ဖြိုချပြီးသလောက် ရှိနေပြီ။ အခုချိန်က ”ထောက်ပြ တည်ဆောက်”ရမယ့် အပိုင်းရောက်နေပြီလို့ ကို မင်းကိုနိုင်ကပြောပါတယ်။
ဒီအတွက် ရဲဘော်တွေကို ”ဘယ်တော့ပြန်လာကြမလဲလို့ မေးခွင့်ပြုပါ” လို့ သူကမေးပါတယ်။ မေးခွင့်ပြုပါလို့ပြောခြင်းသာဖြစ်ပြီး ဘယ်အချိန်ပြန်လာရမယ်၊ အားလုံး ပြန်လာဖို့လိုတယ်လို့ မဆိုလိုကြောင်း၊ အရေးကြီးတာက ရောက်နေတဲ့နေရာ မဟုတ်ဘဲ “ကျင့်နေတဲ့ ကျင့်စဉ်”သာဖြစ်တယ်၊ ဘယ်နေရာကိုဘဲ့ ရောက်နေနေ အမိနိုင်ငံအတွက် အလုပ်လုပ်ပေးနေဖို့ လိုတယ်လို့ သူကဆိုပါတယ်။
အဝေးရောက်ရဲဘော်တွေဆီက သူလိုချင်တဲ့အကူညီဟာ ငွေကြေးလှူဒါန်းတာ သက်သက်မဟုတ်ဘဲ ပညာအရ ထောက်ပံ့ကူညီတာဖြစ်တယ်။ အပြင်ကိုရောက်နေတဲ့ ရဲဘော်တွေဟာ အနည်းဆုံးတော့ ဘာသာစကား ၂ မျိုး တတ်တာကိုက အားသာချက်တခုဖြစ်တယ်။ အပြင်မှာ တတ်ထားတဲ့ပညာတွေနဲ့ အထဲကို ကီူညီဖို့လိုနေတယ်လို့ အဖွင့်စကား အဖြစ် ပြောသွားပါတယ်။
ကိုမင်းကိုနိုင် အဖွင့်စကားပြောပြီးတော့ တက်ရောက်လာာတဲ့ ရဲဘော်တွေထဲက တယောက်ယောက် နှုတ်ခွန်းဆက်စကားပြောပေးဖို့ အခန်းနားမှုး ကိုပြုံးချိုကဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ပထမ တက်ပြောတဲ့လူဟာ လိုရင်းမပြောဘဲ ရှည်လျားထွေပြား နေတဲ့အတွက် ကိုပြုံးချိုကိုယ်တိုင်က အားနာနာနဲ့ ရပ်ခိုင်းလိုက်ရပါတယ်။ အဓိပ္ပါယ်ကတော့ တတိယ နိုင်ငံရောက် ရဲဘော်တွေဟာ အခြားအတတ်ပညာတွေ တတ်ကောင်းတတ်ထားနိုင်ပေမယ့် စကားကို လိုတိုရှင်း ကွက်တိပြောတတ်အောင်တော့ လေ့ကျင့်ထားပုံ မရသေးပါ။
ပရိတ်သတ်တွေ ထမေးတဲ့ မေးခွန်းတွေထဲမှာတော့ ငြိမ်းချမ်းရေးကိစ္စနဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ရေးကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ၈၈ အဖွဲ့က ဘာတွေပြင်ထားသလဲ။ ၈၈ အဖွဲ့အတွက် ရံပုံငွေတွေဘယ်ကရသလဲ။ ပရိုပိုဆယ်သမားတွေ၊ ခရိုနီတွေနဲ့ ဆက်စပ်မှုရှိ သလား။ ဗကသနဲ့ ပညာရေးအခြေနေ၊ ပြည်တွင်း-ပြည်ပ အပြန်အလှန် စိတ်ဓာတ်အရ အားပေးရေး၊ Mindset ပြုပြင်ပြောင်းလဲရေး စသဖြင့် အတော်စုံပြီး ၂ နာရီနီးပါး အပြန်အလှန်ဆွေးနွေးကြပါတယ်။
အားလုံး ဝိုင်းမေးနေကြတဲ့ ၂၀၁၅ အတွက် ဘာတွေပြင်ထားသလဲဆိုတဲ့ မေးခွန်းအပေါ် ကိုမင်းကိုနိုင်ဖြေ ကြားပုံကတော့ အရင်ပြောထားပြီးဖြစ်တဲ့အတိုင်း ၂၀၁၅ ဟာ ပန်းတိုင်မဟုတ်ဘူး၊ ဖြတ်သွားရမယ့် မှတ်တိုင်တခုသာ ဖြစ်တယ်လို့ဆိုပါတယ်။ ”၂၀၁၅ မှာ ဒီမိုကရေစီအင်အားစုတွေဖက်က နိုင်ရင် အာဏာလွှဲပေးမယ်လို့ ခင်ဗျားတို့ ထင်သလား။ ၁၉၉၀ တုန်းကလဲ ကျနော်တို့ အပြတ်အသတ်နိုင်ခဲ့ပြီးပြီလေ” လို့ သူက မေးလိုက်တဲ့အတွက် ပရိတ်သတ်အားလုံး လက်ခုတ်တီးကြပါတယ်။
ဒီအတွက် ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဝင်ပြိုင်ဖို့ချည်း ဆန္ဒစောမနေပဲ ရွေးကောက်ပွဲရလာဒ် အသိမှတ်ပြုရေးအတွက်ပါ ပြင်ဆင်ဖို့လိုတယ်လို့ မင်းကိုနိုင်ကပြောပါတယ်။ ၈၈ အဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲ မော်နီတာလုပ်ရေးနဲ့ ရလာဒ်အသိမှတ်ပြုရေးအတွက် ပါလီမန်ပြင်ပနိုင်ငံရေးကို ဦးစားပေးလုပ်သွားမယ်။ လက်ရှိလုပ်နေတဲ့ ပြောဆိုတိုက်တွန်း တာအပြင် လိုအပ်လာရင် အင်အားတွေစုဖို့၊ အင်အားတွေပြနိုင်ဖို့လဲ အဆင်သင့်ပြင်ထားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ပြီးတော့ လက်ရှိမြန်မာ့နိုင်ငံရေးမှာ ကွင်း ၃ ကွင်းရှိပြီး Best of Three ကစားဖို့လိုနေတယ်လို့ မင်းကိုနိုင်က ပြောပါတယ်။ ဒီ ၃ ပွဲထဲက ပထမပွဲဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ တဖက်အသင်းက တသင်းတည်းပြိုင်ပြီး ပထမ ရအာင်လုပ်သွားပြီး ဖြစ်တဲ့အတွက် ဘာမှမတတ်နိုင်တော့ကြောင်း၊ ဒါပေမယ့် ကျန်နှစ်ပွဲဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး-ငြိမ်းချမ်းရေးတည်ဆောက်မှုပွဲနဲ့ အရပ်ဖက်လူ့အဖွဲ့စည်း တည်ဆောက်ရေးပွဲတွေမှာတော့ ဒီမိုကရေစီအင်အားစုတွေဖက်က နိုင်အောင်ကန်ဖို့ လိုနေဆဲ၊ နိုင်ခြေရှိနေဆဲလို့ မင်းကိုနိုင်က ထောက်ပြပါတယ်။
၈၈ အဖွဲ့က မျှော်မှန်းထားတဲ့ ပြည်ထောင်စုပုံစံဟာ နိုင်ငံတော်သီချင်းမှာပါတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှမှုရှိခြင်း ၃ ချက်အတိုင်းဖြစ်တယ်လို့ သူကဖြေပါတယ်။ ပြီးတော့ ပြည်တွင်းစစ်အဖြစ် အမှန်တိုင်းပြောရဲဖို့လိုပြီး ပြည်တွင်းစစ်ရပ်စဲရေးဟာ ကချင်အရေး၊ ကရင်အရေး၊ ရှမ်းအရေးသက်သက်မဟုတ်ဘူး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်။ အမျိုးသားရေးပြဿနာ တခုအဖြစ် ဖြေရှင်းဖို့လိုတယ်လို့ သူကဆိုပါတယ်။
”မြစ်ဆုံစီမံကိန်း ပြဿနာကို ကြည့်ပါ။ ကချင်ပြည်နယ်မှာဖြစ်တဲ့ ကိစ္စဆိုပေမယ့် ဒါဟာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ အမျိုးသားရေးပြဿနာအဖြစ် အားလုံး ပါဝင်ဆောင်ရွက်လိုက်တဲ့အခါ အောင်ပွဲရသွားတယ်”။ ဒါကြောင့် ပြည်တွင်းစစ်ရပ်စဲရေးကိုလည်း အမျိုးသားရေးပြဿနာအဖြစ် ဝိုင်းလုပ်ဖို့ လိုတယ်လို့ မင်းကိုနိုင်က ပြောပါတယ်။
အရေးကြီးတာက ကျောချင်းကပ်ထားဖို့ လိုတယ်။ တပ်ပေါင်းစု မူတွေကို လိုက်နာဖို့လိုတယ်။ ”လက်သီးဆုတ်ထားတဲ့အတိုင်း ဆွေးနွေးပွဲဝင်ဖို့ လိုတယ်။ လက်တချောင်းချင်း ချိုးဖဲ့ခံပြီး ဆွေးနွွေးတာမျိုး မလုပ်မိပါစေနဲ့” လို့ မင်းကိုနိုင်က အကြံပြုပါတယ်။
တတိယ နိုင်ငံရောက်ရဲဘော်တွေအားလုံး တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ လက်တွဲပါဝင်ကြဖို့ ကိုမင်းကိုနိုင်ကတော့ ဖိတ်ခေါ်သွားခဲ့ပါပြီ။ ဒါပေမဲ့ အခုချိန်ထိ တကယ်တန်း ပြန်လုပ်နိုင်သူက ဆယ် ဂဏန်းတောင် မရှိသေးပါ။
တတိယ နိုင်ငံရောက် ရဲဘော်တွေ လွယ်ကူစွာပြန်လာနိုင်ဖို့ စာရွက်စာတန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေ ဘာမှ ရှင်းရှင်းလင်းလင်း မတွေ့ရသေးသလို ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်တာမျိုးလဲ မရှိသေးပါ။ ဒါက လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရနဲ့ လွှတ်တော်ဖက်က ဆောင်ရွက်ရမယ့် အပိုင်းပါ။
တခါ တတိယနိုင်ငံရောက် ရဲဘော်တွေကိုယ်တိုင်ဖက်ကရော ကိုမင်းကိုနိုင် မျော်လင့်ထားသလို တိုင်း ပြည်တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်လောက်တဲ့ အတတ်ပညာတွေ တစုံတရာ တတ်မြောက် ထားပါရဲ့လား။ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အတော်များများဟာ တိုက်ပွဲကာလတွေအတွင်း ထူးချွန်ပြောင်မြောက်သူတွေဖြစ်ခဲ့ဖူးပေမယ့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် အသေအချာ လေ့ကျင့်ပြီးကြပါရဲ့လား။
အချိန်တန်လို့ အိမ်ပြန်ဖို့ ဖိတ်ခေါ်သူတွေ အခုလို ရှိလာတဲ့အခါ အရင်လို အခြေအနေမဲ့လို့ ခံစား ကြေကွဲခဲ့ရတဲ့ ဘဝမျိုး မဟုတ်တော့တာကြောင့် ကိုယ့်နေရာသစ်ဟာ ဘာဖြစ်မလဲ။
တွေ့ဆုံပွဲကျင်းပရာ Litteratur huset (စာပေရိပ်မြုံ) ကနေ အိမ်အပြန်လမ်းပေါ်မှာ ကျနော်တယောက်တည်း ဆက်စဉ်းစားနေမိပါတယ်။ ။
(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)