နော်ဝေးနိုင်ငံဆီ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ နော်ဝေရောက် မြန်မာ မိသားစုတွေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက အော်စလို မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့ အတူ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နဲ့ အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့ အစုံအညီ တက်လာပါတယ်။ မြန်မာ မိသားစုတွေ ၈၀ လောက်အထိ တက်လာတာလည်း တွေ့ရပါတယ်။
သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုး အဖြစ် တာဝန် ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်း ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။
ဒီအခန်းအနားအတွင်း သမ္မတဦးသိန်းစိန် အဓိကပြောသွားတာကတော့ နော်ဝေနိုင်ငံကို ဘာကြောင့် ပထမဆုံး လာဖို့ရွေးချယ်ခဲ့သလဲဆိုတာနဲ့ ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ လက်တွဲ ပါဝင်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပထမဆုံး ထောက်ခံတဲ့နိုင်ငံဟာ နော်ဝေးဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အတွက် အဓိကကူညီနေပြီး အင်းလေးထိန်းသိမ်းရေးကို သမ္မတက ဥပမာပေး ထောက်ပြသွားပါတယ်။
ပြီးတော့ နော်ဝေနိုင်ငံဆီ ပြန်လည်ပေးဆပ်ရန် ကျန်နေတဲ့ ခရိုနာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်)ကို နော်ဝေအစိုးရက လျှော်ပေးလိုက်တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီအတွက် လူကိုယ်တိုင်လာပြီး ကျေးဇူးတင်စကား လာပြောတာဖြစ်တယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။ တခါ နော်ဝေက ဒီလို အကြွေးလျှော်လိုက်တဲ့အတွက် တခြားနိုင်ငံတွေကလည်း အလားတူအကြွေးတွေ လျှော်ကြတာကြောင့် အခုဆိုရင် ကြွေးဟောင်းကျေလို့ ကြွေးသစ်ပြန်ချေးနိုင်ပြီ။ IMF, ADB, ODA တို့ကနေ အတိုးနှုန်းသက်သာစွာနဲ့ နှစ် ၄၀ စာချေးဖို့ပြင်နေပြီး အဲဒီချေးငွေတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်မယ်လို့ သမ္မတက ရှင်းပြပါတယ်။
ပြီးတော့ KIA နဲ့ဆွေးနွေးမှု နောက်ဆုံးအခြေနေကိုပြောပြီး အပစ်အခတ်ရပ်စဲ ထားရုံနဲ့မရ နိုင်ငံရေးအဖြေရတဲ့အထိ ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ဖွဲစည်းပုံအခြေခံဥပဒေနဲ့ပါ ကာကွယ်ပေးဖို့ လိုနေတယ်လို့ သမ္မတက ထည့်ပြောသွားပါတယ်။
သမ္မတပြောတဲ့ နောက်ဆုံးအချက်ကတော့ ”ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်’။ ကျနော်တို့အချင်းချင်းကြားမှာ အားလုံး တူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့စိတ်ကတော့ တူကြပါတယ်” လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ”မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စု ချစ်စိတ်ပေါ်အခြေခံပြီး ကိုယ့်နိုင်ငံ အကျိုးအတွက် တဖက်တလမ်းက လက်တွဲဆောင်ရွက်ကြပါ” လို့ သမ္မတက တိုက်တွန်းသွားပါတယ်။
သမ္မတဦးသိန်းစိန်က ၅ မိနစ်ပဲ အမှာစကားပြောပြီး ပရိသတ်မေးတာကို ဝန်ကြီးအဖွဲ့က ဖြေပေးပါလိမ့်မယ်၊ သူ့မှာ တခြားကိစ္စရှိသေးတယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က တခုခုပြောမလားလို့ ထင်ထားပေမယ့် တကယ်တန်း ဒိုင်ခံပြောသွားသူကတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တဦးတည်းသာ ဖြစ်ပါတယ်။
ရေ တပ်ဦးစီးချုပ် စစ်ဗိုလ်ဘဝနေ ဝန်ကြီးဖြစ်လာသူပါလို့ မိတ်ဆက်ရင်းနဲ့ နိဒါန်းချီလိုက်တဲ့ ဦးစိုးသိန်းဟာ မိနစ် ၂၀ လောက်အထိ မနားတမ်းပြောနေတဲ့အတွက် ပရိသတ်ကို မေးခွင့်ပေးပါဦး၊ အချိန် သိပ်မရဘူးလို့ အခန်းအနားမှုးက ဝင်ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ”ဝန်ကြီးက သိပ်ပွားတာပဲ” ဆိုပြီး ပရိသတ်တဦးက ထပြောတဲ့အထိလည်း ဝန်ကြီးက စကားကို အပြောမရပ်ပါဘူး။ (အခန်းအနားတခုလုံးအတွက် အချိန် တနာရီစာပဲပေးထားကြောင်း ဖိတ်စာမှာ အတိအလင်း ဖော်ပြထားပါတယ်)
မိနစ် ၂၀ ကျော်ကြာ မိန့်ခွန်းအတွင်း ဝန်ကြီးဦးစိုးသိန်း အဓိကပြောသွားတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် တာကာလ သူတို့အစိုးရသစ်ဆောင်ရွက်ခဲ့ရတဲ့ ”စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြောင်းလဲခြင်း” ဖြစ်စဉ် ခက်ခဲကြမ်းတမ်းပုံအကြောင်း ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နိုင်ငံရေးရော၊ စီးပွားရေးပါ တပြိုင်တည်း တိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
နောက်တခါ ဒီလိုပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ပြောင်းလဲရေး မလိုချင်သူတွေနဲ့လည်း ရင်ဆိုင်ရကြောင်း၊ သူ့လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ အစိုးရအဖွဲ့ထဲမှာ အားနည်းနေဆဲဖြစ်တဲ့အတွက် အပြင်က အင်အားစုတွေအပါအဝင် ဒီမိုကရေစီအင်အားစု အားလုံးက ဝိုင်းကူလုပ်ဖို့လိုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ”အခုဆိုရင် ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ၊ ခင်ဗျားတို့လည်း ဒီမိုကရေစီ၊ ဒီမိုကရေစီဆီ သွားနေသူကို ခဲနဲ့ပေါက်ရင်တော့ ဆက်လုပ်မယ့်သူမရှိဘူး ဖြစ်သွားနိုင်တယ်၊ ဒါကိုတော့ ခင်ဗျားတို့ သတိထားဖို့ လိုပါတယ်” ဆိုပြီး သမ္မတဦးသိန်းစိန်ကို ဝိုင်းထောက်ခံကြဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးအဖွဲ့အတွက် ပထမဆုံး မေးခွန်းကတော့ ၂၀၁၅ မှာ ဒီမိုကရေစီ အင်အားစုတွေဖက်က ရွေးကောက်ပွဲနိုင်ရင် စစ်တပ်က အာဏာမသိမ်းဘူးလို့ ဝန်ကြီးအာမခံသလားတဲ့။ ဒီအတွက် ဦးစိုးသိန်းရဲ့ အဖြေကတော့ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်။ စစ်တပ်က အာဏာသိမ်းစရာ အကြောင်းမရှိဘူး။ သိမ်းလို့လည်း မရဘူး၊ အခြေနေတွေက ပြောင်းသွားခဲ့ပြီ။ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ လတ်တလော အခြေနေတွေကိုသာ ကြည့်ပါ ဆိုပြီး ဝန်ကြီးက ဥပမာပေး ဖြေကြားသွားပါတယ်။
နောက်ထပ်မေးခွန်းတွေထဲက ထူးခြားချက်တချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် အမျိုးသမီး အခွင့်အရေးတွေအတွက် အစိုးရက ဘာတွေ ဆောင်ရွက်ပေးနေသလဲဆိုတာကို အမျိုးသမီးတဦးက မေးပါတယ်။ ဒီမေးခွန်းကိုတော့ အမျိုးသမိးရေးရာ အဖွဲ့ဥက္ကဌကနေ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာသူက နိုင်ငံအနှံ့ အမျိုးသမီး ပညာပေး သင်တန်းတွေ ဖွင့်နေပါတယ်လို့ ဖြေကြားပါတယ်။
War Crime စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့သူတွေကို လက်ရှိအစိုးရက ဘယ်လို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ ဆိုတာဖြစ်ပြီး ဒီမေးခွန်းကိုကြားတော့ ပရိသတ် အတော်များများ လက်ခုတ်ထ တီးကြပါတယ်။ ဒီမေးခွန်းအတွက် ဦးစိုးသိန်းရဲ့အဖြေကတော့ ”ကျနော်တို့ ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး”။ ဒါကို ပထမနေရာထားရင် ရှေ့မတိုးနိုင် ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။
နောက်တခါ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ် လက်ထဲမှာ အာဏာ အများကြီး ရှိနေတယ်၊ သမ္မတထက် ကာချုပ်က ပို အာဏာရှိနေတယ်ဆိုတဲ့ မေးခွန်းကိုလဲ ဦးစိုးသိန်းက မဟုတ်ပါဘူးလို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြု ပြင်ပြောင်းလဲရေးဟာ အင်ဒိုနီးရှားထက် အခြေအနေ ပိုကောင်းတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ဖို့အတွက် ပါလီမန် သက်တန်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီ လောက်အထိ စောင့်စရာ မလိုလောက်ပါဘူးလို့ ဦးစိုးသိန်းက ခန့်မှန်းပါတယ်။
ပြီးတော့ ”ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ Icon ဖြစ်သလို သမ္မတဦးသိန်းစိန်ဟာလည်း လက်ရှိသွားနေတဲ့ Reform ရဲ့ Icon ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဦးကို ခင်ဗျားတို့ ကူညီဖို့ လိုတယ်” လို့ ဦးစိုးသိန်းက တိုက်တွန်းသွားပါတယ်။
သမ္မတနဲ့အဖွဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံရာ Litteratur huset အပြင်ဖက်မှာတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီ အင်အား ၁၀ ကျော် ဆိုင်းဘုတ်တွေ ထောင်ပြိး ဆန္ဒပြနေပါတယ်။ ဒီကိစ္စကို လက်ရှိအစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ဘယ်တော့ ထွက်လာမလဲ။ မေးစရာတွေ ကျန်နေဆဲပါ။
ဒီလို စဉ်းစားရင်း အိမ်ပြန်ရောက်လို့ ကွန်ပြူတာဖွင့်လိုက်တော့ ပထမဆုံး တွေ့ရတဲ့ ထူးခြားသတင်းက လွန်ခဲ့တဲ့ ၂၁ နှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရပြီးချိန်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ နော်ဝေ အခြေစိုက် DVB သတင်းဌာနရဲ့ အသံလွှင့်မှု အားလုံးကို နော်ဝေးမှာ လုံးဝမထားတော့ဘဲ အမိမြေကို ပြန်တော့မယ်လို့ ဒုညွန်မှုးကပြောတယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့ NRK သတင်းဌာန ဝက်ဆိုက်မှာ ဓာတ်ပုံတွေနဲ့တကွ ရှင်းပြထားပြီး ဒီနေ့ပြုလုပ်တဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်နဲ့ အင်တာဗျူးကို လွင့်ပြီးတဲ့နောက် DVB နော်ဝေးကနေ ထုတ်လွှင့်မှု အားလုံးကို ရုပ်သိမ်းလိုက်ပါပြီလို့ ကြေညာထားပါတယ်။
တဆက်တည်း သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် နော်ဝေ မီဒီယာတွေ ဘယ်လိုမြင်ကြသလဲဆိုပြီး လိုက်ဖတ်တော့ နော်ဝေးအစိုးရက ရှယ်ယာအများစုထည့်ထားတဲ့ Statoil ရေနံကုမ္ပဏီနဲ့ Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ မြန်မာနိုင်ငံဆီ ဝင်ဖို့ ပြင်နေကြောင်း ရေးထားတာ တွေ့ရပါတယ်။ တခါ နော်ဝေးနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထွက်တာ၊ ပင်လယ်ပြင်နဲ့ သစ်တောတွေရှိတဲ့နေရာ၊ သယံဇာတ ကြွယ်ဝတဲ့နေရာမှာ တူညီနေတယ်လို့ နှိုင်းယှဉ်ပြထားတာကိုလည်း ဖတ်ရပါတယ်။
ဒါကြောင့် ဒီလို သယံဇာတ ကြွယ်ဝမှုအပေါ် အခြေခံပြီး တိုင်းပြည် ချမ်းသာလာအောင် လုပ်နိုင်ခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ လာလေ့လာတာလား။ အုပ်ချုပ်မှုစနစ်သာ မှန်မယ်ဆိုရင် မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေလွတ်အောင် ဒီသယံဇာတတွေက ကူညီနိုင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ မြန်မာနိုင်ငံ ဖွံံဖြိုးရေးအတွက် ကူညီနိုင်ပါလိမ့်မယ်လို့ ရေးထားတာကို တွေ့ရပါတယ်။
ဒါဆို ဒီလို ဖြစ်လာစေဖို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရက မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ဘယ်တော့လောက် ဘယ်လိုစတင် ကျင့်သုံးနိုင်မလဲ။ ပြည်ပရောက်မြန်မာတွေကရော ဒီ လုပ်ငန်းစဉ်အပေါ် ဘာတွေများ ဘယ်လောက် ကူညီပေးနိုင်လေမလဲ။