မြန်မာနိုင်ငံနှင့် ယခုအပတ်အတွင်း လက်မှတ်ရေးထိုးရန် ရှိသည့် သဘောတူညီချက်အရ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာရေး အဖွဲ့သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်သော စုံစမ်းစစ်ဆေးခွင့်များ ရရှိလာတော့မည်ဖြစ်ကြောင်း Reuters သတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံသည် တရားဝင် ကြေညာထားသည့် နျူကလီးယား လုပ်ငန်းခွင်များ၏ အပြင်ဖက်ကိုပါ ကြိုတင်အသိပေး ကြေညာခြင်းမရှိဘဲ စစ်ဆေးခြင်းကို ခွင့်ပြုမည့် နောက်ဆက်တွဲ ကျင့်ဝတ် (Additional Protocol) ကို ကုလသမဂ္ဂ၏ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (International Actomic Energy Agency – IAEA) နှင့် အတူ အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ သဘောတူ လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းက မြန်မာနိုင်ငံ၏ နျူကလီးယားနှင့် ပတ်သက်၍ ကာလကြာမြင့်စွာ ရှိနေခဲ့သည့် စိုးရိမ်ပူပန်မှုများကို သက်သာရာရစေလိမ့်မည် ဖြစ်သည်။
နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ကြိုးစားနေသည်ဆိုသော မြန်မာနိုင်ငံမှ ရှောင်တိမ်းထွက်ခွာလာခဲ့သူများ၏ လွန်ခဲ့သော ၃ နှစ်က စွပ်စွဲပြောဆိုမှုကို မြန်မာအစိုးရက ပယ်ချခဲ့သည်။ ကျွမ်းကျင်သူ အများစုကလည်း မြန်မာနိုင်ငံ၏ နည်းပညာကျွမ်းကျင်မှု အခြေအနေအရ လက်နက် ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရန် အလှမ်းကွာနေဆဲဖြစ်သည်ဟု သုံးသပ်ကြသည်။
သို့သော်လည်း ၂၀၁၁ ခုနှစ် အစောပိုင်းတွင် IAEA သည် မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို မြန်မာအစိုးရထံ စာရေးသားမေးမြန်းခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူးများ စေလွှတ်ရန် ဆန္ဒရှိနေသည့်အကြောင်း အသိပေးခဲ့သည်ဟု IAEA ရုံး အခြေစိုက်ရာ သြစတြီးယားနိုင်ငံ ဗီယင်နာအခြေစိုက် သံတမန်အသိုင်းအဝိုင်းက ပြောသည်။
အနောက်နိုင်ငံများက မြန်မာစစ်အစိုးရ အုပ်ချုပ်ခဲ့သော ရာစုနှစ်ဝက်နီးပါးမျှ ကာလအတွင်း ချမှတ်ထားခဲ့သည့် ပိတ်ဆို့ကန့်သတ်မှုများကို ရုပ်သိမ်း၊ ဆိုင်းငံ့ပေးခဲ့ပြီး ဖြစ်သော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလူနည်းစု အဖွဲ့များက ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အမည်ခံ အစိုးရနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်။
နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက် (NPT) ကို ကျောခိုင်းခဲ့ပြီးနောက် နျူကလီးယား လက်နက် စမ်းသပ်မှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံက မြန်မာ၊ အီရန်နှင့် ဆီးရီယားတို့ကို တားမြစ် ပိတ်ပင်ထားသော အက်တမ်နည်းပညာနှင့် ပတ်သက်၍ ကူညီထောက်ပံ့ခဲ့ဖွယ်ရှိသည်ဟု ၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြခဲ့သည်။
နော်ဝေနိုင်ငံရှိ ပြည်ပရောက် မြန်မာများကလည်း ထိုနှစ် အတွင်းမှာပင် မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက် ထုတ်လုပ်ရေးကဲ့သို့သော လျှို့ဝှက်အစီအစဉ်များ ရှိနေသည်ဟု ထုတ်ဖော်ပြော ဆိုခဲ့ကြသည်။
တနင်္လာနေ့က ထုတ်ပြန်ခဲ့သော IAEA ၏ ကြေညာချက်တွင် မကြာမီ လက်မှတ်ရေးထိုးမည့် သဘောတူညီချက် (Additional Protocol) သည် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို ပိုမိုပြည့်စုံစွာရရှိရေး အတွက် အထောက်အကူဖြစ်စေမည့် အရေးပါသည့် အကောင်အထည်ဖော်မှု ဖြစ်ကြောင်းနှင့် IAEA စစ်ဆေးရေးမှူးများ၏ လေ့လာစုံစမ်းခွင့် ပိုမိုရရှိလာပြီး အုပ်ချုပ်ရေးဆိုင်ရာ သဘောတူညီမှုများကိုလည်း တိုးတက် ရရှိလာစေနိုင်မည် ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အဆိုပါ နောက်ဆက်တွဲကျင့်ဝတ် (Additional Protocol) အတိုင်း လိုက်နာ ဆောင်ရွက်နေသော နိုင်ငံ ၁၂၁ နိုင်ငံရှိသည်။