မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ နျူကလီယား သဘောတူ စာချုပ်တွင် လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ နိုဝင်ဘာ ၁၉ ရက်နေ့ သမိုင်းဝင် မြန်မာခရီးစဉ် ညနေပိုင်းက နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် နောက်ထပ် သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်ဟု မြန်မာအစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နျူကလီးယား သဘောတူ စာချုပ်တွင် မြန်မာအစိုးရက နျူကလီးယားဆိုင်ရာ ဆက်စပ်ပစ္စည်း အသုံးအဆောင်များ အားလုံးကို ကြေညာရမည်ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် The Business Times သတင်းတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် နျူကလီယား စီမံကိန်းတွင် ရုရှားနိုင်ငံနှင့် အဆင်မပြေ ဖြစ်ပြီးနောက်ပိုင်း မြောက်ကိုရီယားနှင့် လျှို့ဝှက်ဆက်ဆံမှုများ ရှိသည်ဟု အမေရိကန် အပါအဝင် နိုင်ငံများက သံသယရှိနေပြီး ၎င်းတို့၏ စိုးရိမ်မှုများကို စဉ်ဆက်မပြတ် ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာအစိုးရနှင့် သဘောတူညီမှုတွင် အကြံပြုထားသည့် ကုလသမဂ္ဂ နျူကလီးယား စုံစမ်းစစ်ဆေးရေးမှူးများကို ပိုမိုလွတ်လပ်စွာ ခွင့်ပြုရေးလည်း ပါဝင်သည်ဟု The Business Times တွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် လက်နက်မပြန့်ပွားရေး အုပ်စုတခုဖြစ်သည့် Institute for Science and International Security မှ David Albright နှင့် Andrea Stricker တို့က မြန်မာ၏ ယခု ဆုံးဖြတ်ချက်အပေါ် သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် မှတ်ချက်ပေးပြောကြားကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
မြန်မာအစိုးရ၏ ယခုနောက်ဆုံး လုပ်ဆောင်ချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်းအတွက် နျူကလီးယားကိစ္စကို အခိုင်အမာ ရှေ့တိုးဆောင်ရွက်ပြီး ဖွင့်ထုတ်ဖော်ပြခြင်းအား အလွန် ကောင်းမွန်သည့် အပေါင်းလက္ခဏာအဖြစ် ရှုမြင်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။
စိုးရိမ်ပူပန်နေရသည့် မြန်မာ-မြောက်ကိုရီယား ဆက်ဆံရေး၊ မြန်မာ၏ နျူကလီးယား ရည်မှန်းချက်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ မြန်မာဘက်မှ ခိုင်မာသည့် ကတိရခဲ့၍သာ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း သုံးသပ်ဝေဖန်သူများကလည်း ဆိုသည်။
မြန်မာအစိုးရက သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ နာရီပိုင်းအလိုတွင် သဘောထား ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စကိုလည်း အလေးအနက် ဖော်ပြထားခဲ့ကြောင်း သိရသည်။
“အဏုမြူ မပြန့်ပွားရေး ပြည်ထောင်စု အစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏ နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန် နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည် ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် “မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်” ဟု ဆိုထားသည်။
ဆက်လက်၍ “ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
နျူကလီးယားဆိုင်ရာ သံသယဖြစ်မှုများ ရှင်းလင်းသွားစေရေး အမေရိကန်ဘက်က လိုလားချက်သည် အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုက ထင်ဟပ်သည်။
သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် “နောက်တချက်မှာ သမ္မတကြီးတို့အနေဖြင့် ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတခုဖြစ်သည့် လူအများကို သေကြေ ပျက်စီးစေနိုင်သည့် လက်နက်ကြီးများ မပြန့်ပွားအောင် လုပ်ဆောင်နိုင်ခြင်းမှာ အလွန်ကောင်းမွန်ပါကြောင်း” ဟု ပြောကြားခဲ့သည်။
သမ္မတ အိုဘားမား၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် မိန့်ခွန်းတွင်လည်း မြောက်ကိုရီယားကို အမည်တပ်က အသိပေးသွားခဲ့သည်။
ယင်းမိန့်ခွန်းတွင် “မြောက်ကိုရီယား ခေါင်းဆောင်တွေကို ရွေးချယ်စရာ ကမ်းလှမ်းချင်ပါတယ်။ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့ တိုးတက်မှု လမ်းကြောင်းပေါ် တက်လှမ်းခဲ့ပါ။ အမေရိကန်ဘက်က လက်ကမ်း ကြိုဆိုမှာပါ” ဟု သမ္မတ အိုဘားမားက ဆိုသည်။
အမေရိကန်က ဒေါ်လာ သန်း ၁၇၀ အား ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအတွက် USAID အကူအညီအဖြစ် ပေးအပ်မည်ဟုလည်း ကတိပြုခဲ့သည်။
ထို့အပြင် စီမံကိန်းလုပ်ငန်းအတွက် အခြေခံအဆောက်အအုံနှင့် ပတ်သက်၍လည်းကောင်း၊ တခြား နည်းပညာ အကူအညီများကို လည်းကောင်း အမေရိကန်က ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နေပြည်တော်မှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။
ယခင်နှစ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်လာစဉ်ကလည်း နျူကလီးယား ကိစ္စကို အလေးပေး ပြောကြားခဲ့သည်။ ထို့အတူ အမေရိကန်အမတ်များ၊ တခြားသော အမေရိကန် အရာရှိများ၏ မြန်မာ ခရီးစဉ်များတွင်လည်း အဆိုပါကိစ္စကို အလေးပေးပြောဆိုခဲ့ကြသည်။
မြန်မာဘက်က နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။