အမေရိကန်ပြည်ထောင်စုက “ဘိန်းဖြူရာဇာ”လို့ နာမည်တပ်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အသက် ၈၀ အရွယ်ရှိ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် စီးပွားရေးသမား သူဌေးကြီး ဦးလော်စစ်ဟန်က ဇူလိုင်လ ၆ ရက်နေ့ ည ၁၀နာရီ ခွဲခန့် က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးကုမ္ပဏီ အေးရှားဝေါလ် (Asia World) ကို တာဝန်ယူလုပ်ကိုင်နေတဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် အပါအဝင် သားသမီး၈ ဦး၊ မြေး ၁၆ ဦး ကျန်ရစ်ခဲ့ပါတယ်။
ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေးတပ် အရာရှိဟောင်းတဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ်အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူလည်းဖြစ်ပါတယ်။
အရှေ့မြောက် ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်ဟာ ဦးလော်စစ်ဟန်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့တယ် ဆိုတာ နဝတခေတ် သစ်တော ရေး ရာ ဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘဝအတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာတွေ့နိုင်ပါတယ်။
၁၉၆၈ ခုနှစ်တဝိုက် အရှေ့မြောက်ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ထိုး ဖောက်ဝင်ရောက် လာချိန်မှာ ဦးလော်စစ်ဟန်ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ ကျော ထောက်နောက်ခံပေးထားတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ကိုးကန့် ကာကွယ်ရေးတပ် ခေါင်းဆောင်တဦးပါ။
၁၉၇၁ ခုနှစ် လားရှိုး- မိုင်းရယ်- တန့်ယန်း ဒေသကို ဗကပ ထိုးစစ်ဆင်ချိန်၊ နာမည်ကြီး ကွမ်းလုံ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ သလို တဖက်ကလည်း ဘိန်းကုန်ကူးမှုကို အကြီးအကျယ် လုပ်ခဲ့သူလည်းဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်မှာတော့ မြန်မာဆို ရှယ်လစ်လမ်းစဉ် အစိုးရက ကြီးထွားလာတဲ့ ကိုးကန့်ကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့ အတွက် တောခိုခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာအစိုးရ လက်ထဲလွှဲအပ်ခဲ့ရာမှာ သေဒဏ်ချမှတ်ခံရပါတယ်။ ဒါပေမယ့် ၁၉၈၀ခုနှစ် အထွေထွေလွတ်ငြိမ်းသာခွင့်အရ ပြန်လည်လွတ်မြောက်လာပြီး ညီဖြစ်သူ လော်စစ်မင်းလည်း လက်နက်ချ အလင်းဝင်လာခဲ့ပါတယ်။
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးမှာတော့ တိမ်မြုပ်နေတဲ့ ဦးလော်စစ်ဟန် ရဲ့ အခန်းကဏ္ဍ ပြန်လည်ပေါ် ထွက်လာ ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အုပ်စု ခွဲထွက်ဖို့ လော်စစ်ဟန်က ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ကိုးကန့် စော်ဘွားသမီး အော်လစ်ယန်း နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သားဖြစ်သူ ဦးအောင်နိုင်ဟာ တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ကာ ဖုန်ကြားရှင် အဖွဲ့နဲ့ ဆက်သွယ် ခဲ့ပါတယ်။
စစ်အစိုးရရဲ့ ရန်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် ၁၉၉၂ခုနှစ် လော်စစ်ဟန်နဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လောတို့ဟာ Asia World ကုမ္ပဏီကို တည်ထောင်ခွင့်ရရှိခဲ့ပါတယ်။
အရှေ့မြောက်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန် မှာတော့ အေးရှားဝေါလ် ကုမ္ပဏီက မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့်၊ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း လုပ်ငန်း လုပ်ကိုင်ခွင့်၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအဝင် ရေအား လျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ နေပြည်တော် လေဆိပ် တည်ဆောက်ရေး လုပ်ငန်း အပြင် Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ကို လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ တော့ ဦးလော်စစ်ဟန် ထူထောင်ခဲ့တဲ့ Asia World အမည်ခံ စီးပွားရေးကုမ္ပဏီက မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်း အုပ်စုကြီး တွေထဲမှာ တခုအဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။
ဦးလော်စစ်ဟန်ရဲ့ ရုပ်ကလပ်ကို တာမွေမြို့နယ် မွန်မြတ်မေတ္တာအိမ်ရာ ပင်ရွှေညောင်လမ်း အမှတ် F 1 မှာရှိတဲ့ နေအိမ်မှာ ၁၀ ရက်တိတိ ထားရှိမှာဖြစ်ပြီး အသုဘ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီမှာ ယူနန် သုသာန်မှာ ကျင်းပ ဂူသွင်းသဂြိုလ်မှာ ဖြစ်ပါတယ်။