[irrawaddy_gallery]
အမေရိကန်ပြည်ထောင်စုက “ဘိန်းဖြူရာဇာ”လို့ နာမည်တပ်ပြီး ဒဏ်ခတ်ပိတ်ဆို့ ခံခဲ့ရတဲ့ ကိုးကန့် တိုင်းရင်းသားခေါင်းဆောင် စီးပွားရေးသမား သူဌေးကြီး ဦးလော်စစ်ဟန်ရဲ့ နောက်ဆုံးခရီးကို ဇူလိုင်လ ၁၇ ရက်နေ့က တရုတ်ထုံးစံအတိုင် ကျင်းပပြီး ယူနန်တရုတ် ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ဘိန်းရာဇာဟောင်း ဦးလော်စစ်ဟန်ရဲ့ နောက်ဆုံးခရီးစဉ်ကို လူထောင်ကျော်ခန့် လိုက်ပါ ပို့ဆောင်ပေးကြပြီး နေရာဒေသ အနှံ့မှာ နေထိုင်ကြတဲ့ ကိုးကန့်တိုင်းရင်းသား များစွာ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး ဈာပနကို တရုတ် ဓလေ့ထုံးစံအရ အခမ်းအနား အခင်းအကျင်း အပြည့်အစုံနဲ့ ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ၁၀ ရက်ထားပြီးမှ ဂူသွင်းသင်္ဂြိုဟ်တယ် လို့လည်း သိရပါတယ်။
“ဦးလော်စစ်ဟန်က ကျနော်ရဲ့ ဆရာပါ။ လွှတ်တော်ကနေ ခွင့်ယူပြီးတော့ ကျနော့်ဆရာ နာရေးကို လာရောက် ပို့ဆောင်ပေးတာပါ။ အရမ်းလည်း ဝမ်းနည်းမိပါတယ်” ဟု ကွမ်လုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ဦးဟော်ရှောက်ချန်းက ဧရာဝတီကို ပြောပါတယ်။
ဦးလော်စစ်ဟန်ဟာ ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီ ခွဲခန့်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပြီး (https://burma.irrawaddy.com/archives/43925) ကွယ်လွန်ချိန်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးကုမ္ပဏီ အေးရှားဝေါလ် (Asia World) ကို တာဝန်ယူ လုပ်ကိုင်နေတဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် အပါအဝင် သားသမီး ၈ ဦး၊ မြေး ၁၆ ဦး ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိမှာ ဦးလော်စစ်ဟန်ရဲ့ ဇနီးကလည်း ကျန်းမာရေး ဆိုးဝါးနေတယ်လို့ သိရပါတယ်။
“နေရာဒေသ အနှံ့မှာရှိတဲ့ ကိုးကန့်ယဉ်ကျေးမှု ကိုယ်စားလှယ်တွေ လာပါတယ်။ ကျနော်တို့ လားရှိုးကတော့ အယောက် ၃၀၀ လောက် လာတယ်။ ဦးလော်စစ်ဟန် ဆုံးသွားတဲ့အတွက် ကိုးကန့် ယဉ်ကျေးမှုအဖွဲ့အနေနဲ့ အရမ်းကို ဝမ်းနည်းပါတယ်” လို့ လားရှိုးမြို့ ကိုးကန့် ယဉ်ကျေးမှုအဖွဲ့ ကိုယ်စား အသက် ၅၀ ဝန်းကျင်ခန့် ရှိတဲ့ အမျိုးသားတဦးက ဧရာဝတီကို ပြောပါတယ်။
ဦးလော်စစ်ဟန်ရဲ့ နာရေးကို လားရှိုးမြို့က ဆွေမျိုး အယောက် ၄၀၀ ကျော်၊ တောင်ကြီးက အယောက် ၅၀ ကျော်၊ ကျိုင်းတုံ၊တာချီလိတ်နဲ့ ပြည်ပနိုင်ငံရောက် မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေလည်း လာရောက်ခဲ့ပါတယ်။
လာရောက်တဲ့ ဧည့်သည်တွေကို ရန်ကုန်မှာရှိတဲ့ အကြီးဆုံး တရုတ်သက်သက်လွတ် ကျောင်းက ဟင်းလျာတွေ မှာယူ ကျွေးမွေးခဲ့ပြီး မွတ်စလင် ဘာသာဝင်တွေ အတွက်ကတော့ မန္တလေး စားသောက်ဆိုင်က မှာယူ ကျွေးမွေးခဲ့တယ်လို့ ဦးလော်စစ်ဟန်ရဲ့ ဆွေမျိုးတွေနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းထံက သိရပါတယ်။
“အခုဆုံးတာ ဘယ်သူလဲ ဆိုတာတော့ ကျနော်မသိဘူး။ အရမ်းချမ်းသာတဲ့ သူဆိုတာတော့ သိတယ်။ အေးရှားဝေါလ်က အုတ်ဂူ လုပ်ခိုင်းလို့ပါ။ တယောက်ကို ကျပ် ၃ ထောင်ဆီ ရပါတယ်” လို့ ဦးလော်စစ်ဟန်ရဲ့ အုတ်ဂူကို ပြုလုပ်ပေးနေတဲ့ ကိုမြင့်အောင်က ဧရာဝတီကို ပြောပါတယ်။
၁၉၇၃ ခုနှစ်မှာ မြန်မာဆို ရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ကြီးထွားလာတဲ့ အချိန်မှာ ဦးလော်စစ်ဟန်ဟာ ကိုးကန့်ကာကွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး တောခိုခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံက ဖမ်းဆီးမိပြီး မြန်မာအစိုးရ လက်ထဲ လွှဲအပ်ခဲ့ရာမှာ သေဒဏ် ချမှတ်ခံရပြီး ၁၉၈၀ ပြည့်နှစ် အထွေထွေ လွတ်ငြိမ်းသာခွင့်အရ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ရဲ့ ညီဖြစ်သူ လော်စစ်မင်းလည်း လက်နက်ချ အလင်းဝင်လာခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးမှာတော့ တိမ်မြုပ်နေတဲ့ ဦးလော်စစ်ဟန်ရဲ့ အခန်းကဏ္ဍ ပြန်လည်ပေါ် ထွက်လာခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီက ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အုပ်စု ခွဲထွက်ဖို့အတွက် ဦးလော်စစ်ဟန်က ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ကိုးကန့် စော်ဘွားသမီး အော်လစ်ယန်းနဲ့ အတူ ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ သားဖြစ်သူ ဦးအောင်နိုင်ဟာ တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲကို အကြိမ်ကြိမ် ဝင်ရောက်ကာ ဖုန်ကြားရှင် အဖွဲ့နဲ့ ဆက်သွယ် ခဲ့ပါတယ်။
ထိုစဉ်က စစ်အစိုးရရဲ့ ရန်သူ ဗမာပြည်ကွန် မြူနစ်ပါတီ ပြိုကွဲပြီး နောက် ၁၉၉၂ ခုနှစ် လော်စစ်ဟန်နဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လောတို့ဟာ Asia World ကုမ္ပဏီကို တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။
အရှေ့မြောက်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာချိန် မှာတော့ အေးရှားဝေါလ် ကုမ္ပဏီက မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့်၊ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း လုပ်ငန်း လုပ်ကိုင်ခွင့်၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး အပါအဝင် ရေအား လျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ နေပြည်တော် လေဆိပ် တည်ဆောက်ရေး လုပ်ငန်း အပြင် Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေကို လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဦးလော်စစ်ဟန် ထူထောင်ခဲ့တဲ့ Asia World အမည်ခံ စီးပွားရေးကုမ္ပဏီက မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်း အုပ်စုကြီးတွေထဲမှာ တခုအဖြစ် ပါဝင်နေပါတယ်။