မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ရှေ့တန်းမှ ဦးဆောင် ပါဝင်ခဲ့သော သတင်းစာ ဆရာတဦးလည်းဖြစ် စာရေးဆရာ တဦးလည်းဖြစ်သူ မောင်ဝံသ ( ခေါ် ) ဦးစိုးသိမ်း ကွယ်လွန်မှုသည် မြန်မာ့ စာနယ်ဇင်း လောကအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောသည်။
ဆရာမောင်ဝံသသည် ရန်ကုန်မြို့၊ ဝီတိုရိယဆေးရုံတွင် သြဂုတ်လ ၁၁ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်က အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်ရှိ နေပြီဖြစ်သည်။
ဆရာမောင်ဝံသသည် အမျိုးသားသတင်းဆု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပြီး ပြည်သူ့ခေတ်ဂျာနယ်နှင့် ဒေါင်း စာအုပ်ထုတ်ဝေရေး လုပ်ငန်းများကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။
မောင်ဝံသ ကွယ်လွန်ခြင်းသည် မြန်မာ့ စာနယ်ဇင်းလောကအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောသည်။
၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံ ကာလတွင် သတင်းစာတိုက်များ ပူးပေါင်း၍ သပိတ်ကော်မတီဖွဲ့ အလုပ်လုပ်ခဲ့ရာ သပိတ်ပြီးသောအခါ အစိုးရ သတင်းစာတိုက်မှ အတူတူ အလုပ်ပြုတ်ခဲ့ကြောင်း ဆရာမောင်ဝံသနှင့် ခင်မင်ရင်းနှီးခဲ့ပုံကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသီဟစောက အမှတ်တရ ပြန်လည် ပြောဆိုသည်။
“အခုလို ပွဲတွေကောင်းနေတဲ့ အချိန်မှာ သူမရှိတော့တာ နှမြောစရာပဲ။ ဒီဘက်ခေတ် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှာ ပထမဆုံး ဥက္ကဋ္ဌပဲ။ သူတသက်လုံး တောင်းဆိုခဲ့တဲ့ သတင်းစာ လွတ်လပ်ခွင့်လေး ရလာစအချိန်မှာ အခုလိုထွက်သွားတာ အများကြီး နှမြောတယ်။ စိတ်မကောင်းဘူး” ဟု ဦးသီဟစောက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်က ၁၉၆၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တယောက်ဖြစ်သည့် ဆရာမောင်ဝံသကို “ကတ္တီပါလက်သီး” နှင့် တူသောသူဟု မှတ်ချက်ပြုသည်။
“ကိုဝံသက ဘာနဲ့တူလဲဆိုတော့ လက်သီးစွပ်ထားတဲ့ ကတီ္တပါသားနဲ့တူတယ်။ အပေါ်ယံကြည့်ရင်တော့ ပျော့ပြောင်းတာ တွေ့ရတယ်။ အောက်ကို နှိုက်ကြည့်ရင်တော့ မာတယ်။ ကတ္တီပါလက်သီးနဲ့ သူပေါ့ဗျာ။ ဒါပေမယ့် ဘယ်သူကိုမှ မဟုတ်တာ မလုပ်ဘူး။ တချို့က ကျနော်နဲ့ အတွဲများတော့ ခေါင်းမာမယ်လို့ ထင်ကြတယ်။ တကယ်တော့ သူက အပျော့သမား” ဟု ဦးဝင်းတင်က ဆိုသည်။
မောင်ဝံသနှင့် စတင်တွေ့ဆုံခဲ့ပုံကို ပြန်လည် ပြောကြားရာတွင် ဦးဝင်းတင်က “ကိုဝံသနဲ့ ကျနော် စတွေ့တာက အလုပ်သင် သတင်းထောက်အဖြစ် လုပ်သားပြည်သူ့နေ့စဉ်ကို ကျနော်ရောက်လာတဲ့ အချိန်။ တွက်ကြည့်ရင် နှစ်ပေါင်း ၅၀ ရှိပြီးဗျ။ ကျနော့် ဟံသာဝတီ သတင်းစာကို အယ်ဒီတာ အနေနဲ့ ရောက်လာသေးတယ်။ သူလုပ်တဲ့ အတွေးအမြင် စာစောင်မှာလည်း ကျနော်က ဆောင်းပါးတွေ အများကြီးရေးဖူးတယ်။ ၁၉၈၈ ခုနှစ်ကျတော့ သူ NLD ကို ရောက်လာတယ်။ NLD ပါတီရဲ့ ပဲခူးတိုင်းမှာ စည်းရုံးရေးမှူး လုပ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်အဖြစ်သူ အရွေးခံရတယ်။ ၁၉၉၁ မှာ NLD ဗဟို ကော်မတီဝင် ဖြစ်လာတယ်။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ပြစ်ဒဏ်ပေးခံရတယ်။ သူနဲ့ ကျနော်နဲ့က စာပေသမား အနေနဲ့ ရော။ သတင်းစာဆရာ အနေနဲ့ရော၊ နိုင်ငံရေးသမား အနေနဲ့ရော ပေါင်းခဲ့တာ” ဟု ပြန်ပြောင်းပြောပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဆရာမောင်ဝံသသည် ပြည်သူလူထုကို နိုင်ငံတကာအမြင်များ စိတ်ဝင်စားအောင်၊ နိုင်ငံရေးကို စိတ်ဝင်စားလာအောင် လုပ်ဆောင်ပေးခဲ့သူ ဖြစ်သကဲ့သို့ သူ၏ လက်ဦးဆရာပင် ဖြစ်ကြောင်း၊ မီဒီယာ ပွင့်လင်းလာသော အချိန်ကာလတွင် ဆရာမောင်ဝံသကဲ့သို့ မိမိယုံကြည်ရာကို မားမားမတ်မတ် ပြောဆို နိုင်သော၊ အတွေ့အကြုံရှိသော၊ မျှတသော ပုဂ္ဂိုလ်မျိုး လိုအပ်ကြောင်း ပြောသည်။
“ကျနော် ဗိုလ်လောင်းဘဝမှာ ဆရာ့စာပေတွေ စဖတ်တယ်။ ကျောင်းဆင်းခါနီး နောက်ဆုံးနှစ်မှာ ဆရာရဲ့ ခေတ်ပြိုင် နိုင်ငံရေး အဘိဓာန်ဆိုတာကို စဖတ်ဖြစ်တယ်။ စစ်တက္ကသိုလ်မှာ သိရတဲ့ ပထဝီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများက သူ့ဆီက သိခဲ့ရတာပေါ့။ ကျနော်ရဲ့ လက်ဦးဆရာလို့ ပြောလို့ရတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ မင်းကိုနိုင်က “ဖခင်ကောင်း၊ ခင်ပွန်းကောင်း ဖြစ်ခဲ့သော၊ လူတိုင်းအပေါ်၌ ဂါဝရထားသော မိမိကိုယ်ကို နှိမ့်ချဆက်ဆံတတ်သော၊ အနုပညာ မြတ်နိုးတတ်သော၊ ဒုက္ခဆင်းရဲတွင်းထဲ ကျနော်အပေါ် စောင့်ရှောက်ခဲ့သော ဆရာမောင်ဝံသ နောင်ဘဝမှာလည်း ပညာတတ် လူယဉ်ကျေး ဖြစ်ပါစေ” ဟု ဝမ်းနည်းကြောင်း မှတ်တမ်းစကား ဆိုခဲ့သည်။
ဆရာ မောင်ဝံသသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလထဲတွင် အမေရိကန် ပြည်ထောင်စုသို့ မီဒီယာလေ့လာရေး ခရီးစဉ်တခု မသွားရောက်မီ ဆေးစစ်ကြည့်ရာ အဆုတ်ထဲတွင် ကင်ဆာအကျိတ် တွေ့ရှိခဲ့ရပြီး စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် အကြိမ်ကြိမ် ဆေးကုသမှု ခံယူပြီးနောက် ပြည်တွင်း၌ နေအိမ်တွင် မိသားစုနှင့် အတူတကွနေထိုင်ရင်း ကျန်းမာရေး အခြေအနေအရ ဝီတိုရိယ ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆရာ မောင်ဝံသ၏ အမည်အရင်းမှာ ဦးစိုးသိမ်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးရွာတွင် ၁၉၄၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် မွေးဖွားခဲ့သည်။ အရွယ်ရောက်လာသောအခါ သတင်းစာလောကသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူ့နေ့စဉ်သတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ ဟံသာဝတီ သတင်းစာ၊ ဗိုလ်တထောင်သတင်းစာတို့တွင် သတင်းစာဆရာ၊ အယ်ဒီတာ အဖြစ်လုပ်ကိုင်ခဲ့သည်။
ဆရာ မောင်ဝံသသည် ဒေါင်းစာပေနှင့် အတွေးအမြင် စာစဉ် တည်ထောင်သူ ဖြစ်ပြီး သတင်းထူးဂျာနယ်၊ ဘက်စုံဂျာနယ်၊ တော်ဝင်ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ်တို့ကို ထုတ်ဝေခဲ့သည်။ ဆရာမောင်ဝံသသည် ပြည်သူ့ခေတ် ဂျာနယ်တွင် အတိုင်ပင်ခံ အယ်ဒီတာအဖြစ် တာဝန်ယူပြီး ပြောချင်လွန်းလို့ ခေါင်းစဉ်ဖြင့် အပတ်စဉ် အတွေးအမြင်များ
ရေးသားခဲ့သူ ဖြစ်သည်။
ဆရာမောင်ဝံသ ရေးသားခဲ့သော သတင်းစာပညာ သဘောတရားနှင့် လက်တွေ့ကျမ်းစာအုပ်၊ ခေတ်မီနိုင်ငံရေး ဝေါဟာရ အဘိဓာန်၊ အတ္ထုပ္ပတ္တိ အဘိဓာန်စာအုပ်၊ ရှားမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါး စာအုပ်တို့သည် လူကြိုက်များ ထင်ရှားသော စာအုပ်များဖြစ်ပြီး စာပေဆိုင်ရာဆု အမျိုးအမျိုး ဆွတ်ခူးနိုင်ခဲ့ကာ သူသည် နိုင်ငံရေး၊ သတင်းစာပညာ နှင့် ဘာသာပြန် အပါအဝင် စာအုပ် ၆၂ အုပ် ရေးသား ထုတ်ဝေခဲ့သည်။