စာရေးဆရာ၊ ကဗျာဆရာ ငြိမ်းချမ်းရေး ဝါဒီ ဆရာကြီး ဒဂုန်တာရာ အသက်(၉၅)နှစ်သည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ နေ အိမ်တွင် လူကြီးရောဂါဖြင့် ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်က ခန့်ကွယ်လွန်သွားသည်ဟု သတင်းရသည်။
ဆရာကြီး ဒဂုန်တာရာသည် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ မိသားစုနှင့် အတူတူနေထိုင်ခြင်းဖြစ်သည်။
အမည်ရင်း ဦးဌေးမြိုင် ဖြစ်သော ဆရာကြီး ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ၌ မြစ်ဝကျွန်းပေါ် ကျိုက်လတ်မြို့နယ် ထိုင်ကူရွာတွင် မွေးဖွားခဲ့သည်။
ငယ်စဉ်ကပင် ဂီတကို ဝါသနာပါခဲ့ပြီး ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ် ရောက်ရှိချိန်၌ စန္ဒရားကို အဆောင်သို့ ယူဆောင်ပြီး တီးခတ်ခဲ့သူဖြစ်သည်။
“လေနုအေးသည် တနွဲ့နွဲ့ နော့နေဆဲ”၊ “ဝတ်လစ္စလစ် လမ်းမ”စသည့် ဆရာကြီး ဒဂုန်တာရာ ၏ အရေးအသားများသည် ထိုခေတ် ထိုအခါက စာပေ လောကတွင် ခေတ်မီသော စကားလုံးများဖြစ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘ၀ သခင် အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်ဇေယျ၊ အာဏာရှင် ကိုလှရွှေ၊ စသည့် သူများနှင့် နေခဲ့ရသော်လည်း ကွန်မြူနစ် ခေါင်းဆောင် သခင်ဗဟိန်းနှင့်မူ အရင်းအနှီးဆုံးဖြစ်သည်။
သခင်ဗဟိန်းနှင့်အတူ အင်္ဂလိပ် တော်လှန်ရေး လက်နက် အကူအညီရယူရန် တရုတ်ပြည်သို့ ထွက်ခွာခဲ့သော်လည်း ရှမ်းပြည်၏ နာမည်ကြီး ပုဒ်မ ၁၀ ကြောင့် လားရှိုးမြို့မှ ပြန်လည် လှည့်ပြန်ခဲ့ရသည်။
ကျောင်းသားဘဝက သခင်အမည် ခံယူခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးနှင့် မနီးမဝေးမှပင် နေတော့သည်။ သို့သော် ပြည် တွင်းစစ်ကာလ ဝါဒရေးရာအရ ကွန်မြူနစ်ပါတီ ဘက်သို့ စာနာမှုရှိခဲ့ပြီး ယိမ်းယိုင်ခဲ့သည်။
နောက်ပိုင်းတွင် မြသန်းတင့်၊ ကျော်အောင်၊ ကြည်လင်၊ ဗန်းမော်တင်အောင် စသည့်သူများနှင့်တွဲဖက်ပြီး စာပေသစ် တာရာမဂ္ဂဇင်း ကိုထုတ်ဝေခဲ့သည်။
“ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုသည့် ငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးခဲ့သော်လည်း ၎င်း၏ စာပေသဘောတရား၊ စာပေလှုပ်ရှားမှု၊ ဝေဖန် ရေး နှင့် ပတ်သက်ပြီး တိုက်ခိုက်မှုများကို ခံခဲ့ရသည်။
ဖဆပလ အစိုးရလက်ထက်၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့တွင် ပါဝင်လှုပ်ရှား ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာ လက်ဝဲ နိုင်ငံရေးသမားများ၊ အလုပ်သမားများ၊ ကျောင်းသားများ နှင့် စာရေးဆရာများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဆရာကြီး ဒဂုန်တာရာလည်း အဖမ်းခံခဲ့ရ သည်။
ဆိပ်ဖလူးရနံ့ သင်းပျံ့ရာ အင်းစိန်တောရဟု နာမည်ကြီးသည့် အင်းစိန်ထောင်တွင် ၁၉၆၃ ခုနှစ်မှ စတင်ပြီး ၃နှစ်နှင့် ၃လ နေထိုင် ခဲ့ရသည်။
“ကျနော့် အမြင်တော့ ဗိုလ်နေဝင်း အစိုးရက တရားဝင်မှ မဟုတ်တာ၊ ကျနော်နဲ့ ထောင်က ထွက်တော့ ဗိုလ်နေဝင်းနဲ့ တခါတွေ့တယ်၊ ဒါပေမယ့် စကားပြောစရာ မရှိပါဘူး၊ ဗိုလ်နေဝင်းက ကျနော့်ထက် ၉ နှစ်ကြီးတယ်”ဟု ဧရာဝတီကို ပြောဖူးသည်။
ဆရာကြီး ဒဂုန်တာရာ၏ ထင်ရှားသော စာပေ လက်ရာများတွင် မေ၊ ဧရာဝတီ ယန်စီ ဗော်လဂါ၊ ကြာပန်းရေစင်၊ စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေလှုပ်ရှားမှု ၊ ရုပ်ပုံလွှာ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ မူးယစ်ရီဝေသော နွေဦးညများ၊ ဖျတ် ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ်၊ အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်းနုရောင်အို စသည့် စာအုပ်များမှာ ထင်ရှားသည်။
ဆရာကြီးသည် အသက်အရွယ် အိုမင်းချိန်အထိ နိုင်ငံအတွက် အကျိုးရှိမည့် ဆောင်ရွက်ချက် တခုဖြစ်သော ဧရာဝတီ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သေးသည်။
ပိတောက် ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာနှင့် ကဗျာဆရာ မောင်စိမ်းနီက “စာပေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ခေတ်ကို ထွန်းညှိပေးတဲ့ အတောက်ပဆုံး အလင်းရောင်တခု၊ လူထု လူတန်းစား အသီးသီး၏ ဘဝအသီးသီးကို မြင်သာထင်သာအောင်၊ အမှန်တရားကို မြင်သာထင်သာအောင် လုပ်ပေးတဲ့ စာဆိုကြီး လို့ ယူဆထားတော့ အကြီးမားဆုံး ဆုံးရှုံးမှုလို့ သဘောထားပါတယ်”ဟု ပြောဆို သည်။
ဆရာဒဂုန်တာရာသည် မိမိတည်ဆောက်ထားသည့် ကိုယ်ပိုင်အတွေးအမြင်၊ ဒဿန၊ လမ်းစဉ် အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ သူ တဦးဖြစ်ကြောင်း၊ ပြည်သူ့ဘက် ရပ်တည်ကာ ငြိမ်းချမ်းရေးကို လိုလားသည့် ငြိမ်းချမ်းရေး စာဆိုတဦး ဖြစ်ကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြီးလျှင် ဆရာကြီး ဒဂုန်တာရာဟု ယူဆထားကြောင်း ဆရာမောင်စိမ်းနီက မှတ်ချက်ပြုသည်။