မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ဆယ်စုနှစ် ၂ ခုကျော်ကြာ အမေ့ခံဖြစ်ခဲ့သော မြန်မာ့ အခြေခံ အလုပ်သမားထု၏ အခွင့်အရေးများ သည်လည်း ခံစားခွင့်နှင့် အာမခံချက်များ စတင်ရရှိမည့် အလားအလာကို တွေ့မြင်နေရပြီ ဖြစ်သည်။
မြန်မာပြည်မှ အလုပ်သမားထု ဆိုသည့် အထဲတွင် ပြည်တွင်းမှ အလုပ်သမား များသာမက အကြောင်း အမျိုးမျိုးကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများလည်း ပါဝင်သည်။
မကြာသေးခင်က ပြည်တွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများ၏ အခြေခံလုပ်ခလစာကို အာဆီယံနိုင်ငံများနှင့် တန်းညှိကာ ပေးရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများအား ပေးရန် အလုပ်သမား ဝန်ကြီးဌာနက သဘောတူညီခဲ့သည်။ များမကြာမီ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကြသော ရွှေ့ပြောင်း အလုပ်သများ များ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေးကိုလည်း မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် တွေ့ရသည်။
ပြည်တွင်း စက်မှုဇုန်အလုပ်သမားများက ၎င်းတို့၏ အခြေခံလစာ တိုးမြှင့်ရရှိရေး၊ အလုပ်သမား အခွင့်အရေးများ ရရှိရေး တို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လူမှုအဖွဲ့အစည်းများ၊ လှုပ်ရှားတက်ကြွသူများကလည်း ကူညီခဲ့ကြသည်။ နောက်ဆုံးတွင် စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားများ အကြား အာဏာပိုင်များက ဝင်ရောက်ညှိနှိုင်း ပေးခဲ့ပြီး နှစ်ဦးနှစ်ဘက် အနီးစပ်ဆုံး အဆင်ပြေနိုင်မည့် အဖြေကို ရရှိခဲ့သည်။
ဆန္ဒထုတ်ဖော်သည်ကို ကြမ်းတမ်းစွာ ဖြေရှင်းခြင်းဆိုသည့် အာဏာရှင် လက်ကျန်စနစ်ကို မသုံးဘဲ ညှိနှိုင်းအဖြေရှာသည့် နည်းဖြင့် အလုပ်သမားတို့၏ အမှန်တကယ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အတွက် အစိုးရ အနေဖြင့် ဒီမိုကရေစီစနစ်ကို တန်ဖိုးထားသည်ဟု ယူဆပါသည်။
မေလက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လာရောက်စဉ် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံ စကားပြောခဲ့ပြီးနောက် ထိုင်း ဒု ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ မြန်မာ အလုပ်သမားများ အခွင့်အရေးကို ဆွေးနွေးနိုင်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ တိုးမြှင့် သတ်မှတ်ပေးရေး ကတိကို ရရှိခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်အတွင်း အရေးပါသည့် နိုဘဲလ်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြော ရာ၌လည်း သူတပါးနိုင်ငံ၌ ဒုက္ခခံကာ အလုပ်လုပ်နေရသော သန်းနှင့်ချီသည့် မြန်မာအလုပ်သမားများအား ကမ္ဘာက မေ့မထားရန် ထည့်သွင်းပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ၂၀၀၉ ခုနှစ်မှ စတင်၍ ယာယီနိုင်ငံကူး လက်မှတ် များကို မြန်မာနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ပေးနေ သော်လည်း ဌာနဆိုင်ရာ လာဘ်စားသူများနှင့် ပွဲစားများ၊ မြန်မာ အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်လိုသည့် ထိုင်းအလုပ်ရှင်များကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
ယခင်က မြန်မာအစိုးရ တာဝန်ရှိသူများ ဘက်က အကာအကွယ်ပေးရန်၊ အရေးတယူ ပြုမူဆောင်ရွက်ရန် ပျက်ကွက်ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ သူတပါးနိုင်ငံတွင် နှစ်ပေါင်းများစွာ မျက်နှာငယ်ခဲ့၍ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
ယခုအခါတွင်မူ မြန်မာအစိုးရ အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်၍ ထိရောက်စွာ ဖြေရှင်း ပေးလာသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများ အတွက် ရပ်တည် ပြောဆို ပေးနေသဖြင့် အလုပ်သမားများအဖို့ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် မျှော်လင့်ချက် ရှိနေပြီ ဖြစ်သည်။
မကြာသေးခင်က ကျင်းပသည့် လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ ညီလာခံတွင် သမ္မတ ဦးသိန်းစိန်က အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် လူမှုဖူလုံရေး စောင့်ရှောက်မှုများနှင့် အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်နိုင်ရေး ဥပဒေ ပြဌာန်းရန် ဆောင်ရွက်နေကြောင်း၊ အလုပ်လက်မဲ့ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိရေး အတွက်လည်း ဆောင်ရွက်နေကြောင်း ပြောဆို လိုက်သည်။
ပြည်သူလူထုကို ဗဟိုပြုသည့် အစိုးရတရပ် ဖြစ်စေရမည်ဆိုသည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများမှာ စကားအဖြစ်မှ အကောင်အထည် ပေါ်စပြုနေပြီဟု ယုံကြည်ပါသည်။
လာမည့် အနာဂတ်၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျှင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာမည့် အလျောက် ပြည်ပရောက် မြန်မာပြည်သားများလည်း ပြည်တွင်းတွင် ပြန်လည် အခြေချလာမည် ဖြစ်ရာ အစိုးရဘက်မှ လူသား အရင်းအမြစ်ကို တန်ဖိုးထားသည့် ယခုကဲ့သို့ ပြင်ဆင်မှုများ အထူးပင်လိုအပ်ပါသည်။
ထို့ကြောင့် တိုင်းပြည်၏ အခြေခံအင်အား တရပ်ဖြစ်သော အလုပ်သမားများ၏ အခွင့်အရေးအတွက် အတိုက်အခံနှင့် အစိုးရတို့ သဘောထား ကွဲလွဲခြင်းမရှိဘဲ တသဘောတည်း ညီညွတ်စွာ အလေးထား ဆောင်ရွက်နေသည်ကို ဧရာဝတီက အသိအမှတ်ပြု ကြိုဆိုကြောင်း ဖော်ပြလိုက်ရပါသည်။ ။