အကယ်ဒမီ လူမင်းဟာ လက်ရှိ အနေအထားအရ မြန်မာ့ရုပ်ရှင်လောကမှာ နေရာတခု ခိုင်ခိုင်မာမာ ရရှိထားသလို၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ နိုင်ငံရေးကိုလည်း စိတ်ဝင်စားတဲ့ အကယ်ဒမီ လူမင်းကို မြန်မာ့ရုပ်ရှင်လောက ပြုပြင်ပြောင်းလဲမှုတွေ အပြင် သူ့ရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစ်ကိုတို့ တိုင်းပြည်မှာ အကူးအပြောင်း ကာလတခုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရသလိုပဲ၊ ရုပ်ရှင် အစည်းအရုံး ကလည်း ကာလတလျှောက်လုံးမှာ လုပ်ရကိုင်ရ အခက်ဆုံး ကာလတခုကို ဖြတ်သန်းနေရတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လည်း တက်ညီလက်ညီနဲ့ လုပ်သင့် လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်သွားနိုင်ရင် ဒီနေ့ရှိနေတဲ့ အခြေ အနေထက် ကောင်းမွန်တဲ့ အနာဂတ်တခု ကလည်း ရှိနေတယ်။ အားလုံး စည်းလုံးညီညွတ်စွာနဲ့ သွားမယ်ဆိုရင် အဲဒီ အခွင့်အရေးတွေ အစ်ကိုတို့ လက်ထဲကို ရောက်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲ၊ ရုပ်ရှင်လောကရဲ့ ရှေ့ရေးဆိုတာကို မှန်မှန်ကန်ကန် မတွေးနိုင်ဘဲနဲ့ လက်တလော ပြဿနာတွေကိုပဲ ထိုင်ရှင်းနေရင်း အချိန်ကုန်မယ်ဆိုရင်တော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာပဲ။
မေး။ ။ ကိုလူမင်းတို့လို ရုပ်ရှင်အစည်းအရုံးက ခေါင်းဆောင်တွေ အနေနဲ့ အဓိက ပြောင်းလဲရမယ့် အချက်တွေက ဘာတွေလဲ။ ဥပဒေမှာရော ဘယ်လို အချက်တွေ ပါဝင်စေချင်လဲ။
ဖြေ။ ။ အခု အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းပြည်မှာ ၂၀၁၃ ခုနှစ်အတွင်း အကျယ်လောင်ဆုံး အသံဆိုပြီး ဖြစ်လာ သလိုပဲ ကိုယ်တို့ဆီမှာလည်း အကူးအပြောင်း ကာလတခုဖြစ်တဲ့အတွက် အစ်ကိုတို့ လောကအတွက်၊ ရုပ်ရှင် ဥပဒေဆိုတာ ပေါ်လာဦးမယ်။ ပေါ်လာမယ့် ဥပဒေက အစ်ကိုတို့ လောကအတွက် ဘယ်လောက်အထိ အကာအကွယ်ပေးသလဲ၊ဘယ်လောက်အထိ ဦးဆောင် ခေါ်ဆောင်သွားနိုင်မလဲ ဆိုတဲ့ ကိစ္စက အရေးအကြီးဆုံး အချက်ပါပဲ။ ဥပဒေ အကြောင်းအရာ ကတော့ တထိုင်တည်း ပြောလို့မရဘူး။ အစ်ကိုတို့လို လောကအပေါ် စေတနာပဲရှိပြီးတော့ ဖြစ်စေချင်တာချည်းပဲ ထိုင်ပြောလို့ မရဘူး။ ဥပဒေ အကြောင်းအရာ နားလည်သူတွေနဲ့ အစ်ကိုတို့ ဖြစ်ချင်တာကို ရုပ်ရှင်လောက အနာဂတ်အတွက် ကောင်းမယ့် ဟာတွေကို လောကသားတွေ အားလုံး ဆွေးနွေးတိုင်ပင်ပြီးတော့ အဲဒီအချက်အလက် တွေကို ချရေးရမှာပေါ့။
မေး။ ။ ရုပ်ရှင် အစည်းအရုံးက အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိ ကိုယ်တာဝန်ယူရတာနဲ့ ကွာဟချက်က ဘယ်လိုရှိလာလဲ။
ဖြေ။ ။ အခုကတော့ လူတစု သို့မဟုတ် တယောက်၊ တဖွဲ့ကပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက ခံစားချက်ကြောင့်ပဲ ဖြစ်ဖြစ် အမြင် မကြည်တာတွေ၊ မကျေနပ်တာတွေ ရှိရင် သမ္မတ အထိ တိုင်လို့ရတဲ့ အခွင့်အရေးတွေ ရှိနေတယ်။ အဲဒီလို တိုင်တဲ့ အခါမှာလည်း သမ္မတ ရုံးကနေ စပြီးတော့ တိုင်တဲ့အပေါ်မှာ ပြန်ပြီး ဆောင်ရွက်ပေး ရတာတွေ ရှိတယ်။ ပြီးတော့ တချို့ကိစ္စ တွေက မလိုအပ်ဘဲ အချိန်တွေကုန်ပြီး ခေါင်းစား ရတယ်။ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်း အတွက် လုပ်ရမယ့် အလုပ်တွေ၊ အချိန်တွေဟာ အဲဒီအတွက် ပေးနေရတာ အခုအချိန်မှာ အစ်ကို အနှမျောဆုံးပဲ။
မေး။ ။ ဗီဒီယို ဇာတ်ကားတွေ တလကို သုံးကား ရိုက်နေတဲ့ အခြေအနေကကော အခု ဘယ်လိုရှိလဲ။
ဖြေ။ ။ အခုဆိုရင် လောကသားတွေ ခံစားနေရပါပြီ။ ကား အရေအတွက်ကို နည်းနည်းလေး ထိန်းချုပ် နိုင်တဲ့အတွက် နယ်တွေက ဗီဒီယိုဆိုရင် ပြန် အဝယ်လိုက်လာတဲ့ သဘောတွေကို ထုတ်လုပ်သူတွေဆီက အသံ ကြားရပါတယ်။
မေး။ ။ လက်ရှိ ဥက္ကဋ္ဌနေရာမှာလည်း တာဝန်ယူထားရပြီး သရုပ်ဆောင် အလုပ်ကိုလည်း လုပ်နေတုန်း ဆိုတော့ ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးလေးတွေ ရိုက်စေချင်သလဲ။
ဖြေ။ ။ အဲဒါကတော့ အစည်းအရုံးအနေနဲ့ ဝင်ပြီး သတ်မှတ်လို့ ရတဲ့ အရာလည်း မဟုတ်ဘူး။ကိုယ်တို့က အနုပညာ ဆိုပေမယ့်လည်း စီးပွားရေးနဲ့ ဆက်နွှယ်တဲ့ အနုပညာ ဖြစ်တဲ့အတွက် အဲဒါက ဈေးကွက်အပေါ်မှာ မူတည်ပြီးတော့ ထုတ်လုပ်သူ တွေရဲ့ ရွေးချယ်ခွင့်နဲ့ ရွေးချယ်မှုပါပဲ။
မေး။ ။ ကိုလူမင်းတို့ရဲ့ ရုပ်ရှင်အစည်းအရုံး ကိုရော ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့ ရှိလား။
ဖြေ။ ။ သူ့သက်တမ်း တခု ကုန်ရင်တော့ အသစ် ပြန်လည် ရွေးချယ်တာတွေ လုပ်ရမှာပေါ့။
မေး။ ။ မြန်မာနိုင်ငံကို နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကာလ ဖြစ်နေတဲ့အတွက် ရုပ်ရှင် လုပ်ငန်းမှာလည်း နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဝင်လာမယ်ဆိုရင် ဘယ်လိုနေရာတွေမှာ လုပ်စေချင်သလဲ၊ ဘယ်လို အပိုင်းတွေမှာ ပါဝင်စေချင်သလဲ။
ဖြေ။ ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့ FDI Law ကတော့ ထွက်သွားပြီဆိုတော့ မြန်မာပြည်မှာ ဘီလီယံ ၅၀ ကျော် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီ။ ဒါပေမယ့် အစ်ကိုတို့ အနုပညာ လောကကို၊ ရုပ်ရှင်လောကကို ရင်းနှီး မြှုပ်မှုတွေက ဝင်မလာ သေးဘူး။ ဝင်လာတဲ့ အခါကျရင် ပြည်တွင်း လုပ်ငန်းရှင်တွေ၊ ပြည်တွင်း အနုပညာရှင်တွေ အတွက် ဘယ်လို အခွင့်အရေး ရှိမလဲပေါ့။ အဲဒါမှ မဟုတ် အစ်ကိုတို့တတွေ အားလုံးဟာ ဘေးဖယ် ပေးလိုက်ကြရမှာလား။ အဲဒါမျိုးတွေ အရေးကြီးပါတယ်။
မေး။ ။ အခုအချိန်မှာ ရုပ်ရှင် အနုပညာသမားတွေလည်း နိုင်ငံရေးကို စိတ်ဝင်စားလာ ကြတာ တွေ့ရပါတယ်။ ၂၀၁၅ မှာလည်း ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီး ရှိမယ်။ အဲဒီတော့ ကိုလူမင်း အနေနဲ့ကော နိုင်ငံရေးမှာ ဘယ်လိုမျိုး အခန်းကဏ္ဍကနေ ပါဝင်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ။ ။ နိုင်ငံရေးဆိုကတည်းက ဒီနိုင်ငံမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အားလုံးရဲ့ အရေးပဲ။ တချိန်တုန်းကတော့ နိုင်ငံရေး လုပ်တဲ့သူကို အသွေးအရောင် ရှိတဲ့ လူလို့ သတ်မှတ်ပြီးတော့ ဘယ်သူမှ မလုပ်ရဲအောင်၊ မပြောမဆို ရဲအောင် ဖိနှိပ် ထားခဲ့တာလေ။ အခုအချိန်မှာ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း အားလုံး အရေးပဲ။ အစ်ကိုတို့ အနုပညာရှင် တွေကလည်း ဒီနိုင်ငံထဲက ဒီနိုင်ငံသားတွေပဲ။ ပိုပြီးတော့တောင် အရေးကြီး သေးတယ်။ ပြည်သူတွေ၊ ပရိသတ်တွေ အပေါ်မှာ လွှမ်းမိုးမှု ရှိတဲ့ အနုပညာရှင်တွေ ဆိုတော့ ပိုတောင် အရေးကြီးသေးတယ်။ တချိန်တုန်းက အစည်းအရုံးပဲ ဖြစ်ဖြစ်၊ အနုပညာရှင်တွေပဲ ဖြစ်ဖြစ် ပါတီ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ အခုအချိန်မှာ အဲဒါတွေ မရှိတော့ဘူး။ဘယ်သူမဆို ကိုယ်ကြိုက်တဲ့ ပါတီ၊ ကိုယ်ကြိုက်တဲ့ လူကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်။
မေး။ ။ ကိုလူမင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ လုပ်ဆောင်နေတာတွေကို ဘယ်လိုမြင်လဲ၊ ဘာတွေများ ဖြည့်စွက်လုပ်စေချင်တာ ရှိလဲ။
ဖြေ။ ။ အဲဒါလည်း ပြောချင်တယ်။ အစ်ကိုက အမေစု (ဒေါ်အောင်ဆန်းစုကြည်) ဘက်ကို လိုက်ပြီးပြောတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ သူ့အနေနဲ့လည်း တော်တော် လုပ်ရကိုင်ရခက်တဲ့ အနေအထားတွေ ရှိပါတယ်။ ကိုယ်ချင်းလည်း နည်းနည်း စာကြည့်ပါလို့၊ လူတွေကလည်း ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ များတဲ့အခါ၊ ကြံ့ကြာမှုတွေ ဖြစ်လာတဲ့အခါ အားမလို အားမရတွေ ဖြစ်လာတယ်ပေါ့။ ဒါပေမယ့် သူ့အနေနဲ့ လူတယောက်ဖြစ်တယ်၊ နတ်သမီး မဟုတ်ဘူး၊ ဖန်ဆင်းရှင် မဟုတ်ဘူး။လူ တယောက်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှပဲ ကြိုးစားနိုင်မယ်။ သူ ကြိုးစားသမျှလည်း သူ့အတွက် တခုမှမပါဘူး။ကိုယ့်တိုင်းသူ ပြည်သားတွေ အတွက်ပဲ။ အစ်ကိုကတော့ အမေစုကို အပြည့်အ၀ ယုံကြည်တယ်။ ထောက်ခံတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ တနိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးတွေ များလာမယ် ဆိုရင် ရုပ်ရှင် လောကသားတွေ အနေနဲ့ကော ဘာတွေ ထပ်ပြီး ပြောင်းလဲဖို့၊ ဘယ်အထိ လှမ်းဖို့ ရည်ရွယ်ထားသလဲ။
ဖြေ။ ။ အစ်ကို ပြောချင်တာ အဲဒါပဲလေ။ ရုပ်ရှင် လောကသားတွေ တကယ်ပူရမှာ အဲဒီ ကိစ္စပဲ။ အာဆီယံ တိုင်းပြည်တွေ အတွင်းမှာ ကုန်သွယ်ရေးတွေတောင် တပြေးညီ ဖြစ်ရမယ်ဆိုတဲ့ အချိန်မှာ ရုပ်ရှင် လောကကြီးကလည်း မူတွေ၊ စနစ်တွေ အကုန် ပြောင်းရတော့မယ်။ အဲဒီ အခါကျရင် ငါတို့ ဘယ်လို ရပ်တည်ကြရမလဲ၊ ဘယ်လို ရင်ဆိုင်ကြရမလဲ ဆိုတာ အခုကတည်းက လောကသား အားလုံး စည်းလုံး တိုင်ပင်ကြရမယ့် အချိန်။ အဲဒီမှာ အချင်းချင်း ပုခုံးတိုက်တာ လောက်ကို ရန်ပွဲတွေ လုပ်နေရင်တော့လည်း အဲဒီ အချိန်ကျရင် စဉ်းစားသာ ကြည့်ပေတော့။
မေး။ ။ အခုနောက်ပိုင်း အခွန် စည်းကြပ်မှုတွေက ရုပ်ရှင် လောကသားတွေ အပေါ်ကိုရော သက်ရောက်မှု ရှိလား။
ဖြေ။ ။ အစ်ကိုတို့ ဟိုအရင် ကတည်းက အခွန်အခတွေ ပေးဆောင် လာခဲ့ရတာ။ အခွန်မသိတဲ့ သူက မပေးရလို့ပဲ။အစ်ကိုတို့က နှစ်စဉ်နှစ်တိုင်း အခွန်ကို တာဝန်ကျေအောင် ထမ်းဆောင်နေတဲ့ နိုင်ငံသားတွေပါ။
မေး။ ။ အခုနောက်ပိုင်းမှာ လူငယ်သရုပ်ဆောင် သစ်တွေလည်း များလာတယ်၊ ဒီခေတ်လူငယ်တွေရဲ့ ပုံစံကလည်း ပြောင်းလာတယ် ဆိုတော့ ကိုလူမင်း အနေနဲ့ လူငယ်တွေကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ လူငယ်တိုင်း လမ်းမှားရောက်တယ် လိုတော့ သိမ်းကြုံးပြီး မပြောချင်ဘူး။ လူငယ်တွေက အစ်ကိုတို့ထက် နည်းပညာ တွေကို ပိုပြီးတော့ ကျွမ်းကျင်တယ်၊ လက်တွေ့ကျကျ သိတယ်။ အစ်ကိုတို့ထက် သွက်လက် ထက်မြတ်တယ်၊ အတွေးအခေါ် တွေ ရဲရင့် ပြတ်သားတယ်၊ ကောင်းတဲ့ အချက်တွေ လူငယ်တွေမှာ အများကြီး ရှိတယ်။ တချို့တလေ မှာတော့ မကောင်းတာ ရှိကောင်း ရှိမယ်။ တခါတလေ ကျတော့လည်း ကလေးတွေမှာ အပြစ်မရှိပါဘူး၊ သူတို့ ပျက်စီး နိုင်တဲ့ အခွင့်အလမ်းတွေ သူတို့ပတ်ဝန်းကျင်မှာ ရှိနေတာကလည်း ကျန်တဲ့သူတွေရဲ့ တာဝန်တွေလည်း မကင်းပါဘူးလို့ မြင်ပါတယ်။
မေး။ ။ အကယ်ဒမီ ပေးမယ့်အချိန်ကလည်း နီးနေပြီ၊ အရင်နှစ်က တရုတ်ကားကို ကော်ပီ ပြန်ရိုက်ထားတဲ့ကားကို အကယ်ဒမီ ပေးလိုက်တာ တွေ့ရတယ်။ ကိုလူမင်း အနေနဲ့ ဆုရွေးချယ်ရေး အဖွဲ့ကို ဘယ်လိုအကြံ ပေးချင်သလဲ။
ဖြေ။ ။ အကယ်ဒမီ ဆိုတာက အစ်ကိုတို့ အစည်းအရုံးနဲ့ မဆိုင်ဘူး။ အစည်းအရုံး ကလည်း ပေးတာမဟုတ်ဘူး။ အကယ်ဒမီ ရွေးချယ်ရေး ဘုတ်အဖွဲ့ကလည်း ဝါရင့်သဘာရင့် အများလေးစားရတဲ့ အနုပညာရှင်၊ အတက်ပညာရှင် ကြီးတွေက အချိန် ပေးပြီး စိစစ် အကဲဖြတ်ပြီး ရွေးချယ်ပေးတာ။ အဲဒီ အပေါ်မှာ ဆုတဆု ဆိုတဲ့အပေါ်မှာ အငြင်းပွားမှုတွေ ကတော့ ရှိမှာပါပဲ။
မေး။ ။ ဒီနှစ် အကယ်ဒမီ တစ်ပြေးကား စာရင်းထဲမှာ ကိုလူမင်း ကားလည်း ပါတယ်နော်။ အဲဒီအပေါ်မှာ ကိုလူမင်း အနေနဲ့ ဘယ်လို မျှော်လင့်ချက်တွေ ရှိသလဲ။
ဖြေ။ ။ အစ်ကိုကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီအကယ်ဒမီပွဲကြီး ကိုပဲ ဘယ်လို အမှားနည်းအောင်၊ ဘယ်လို အားနည်းချက် တွေကို ရှာပြီးတော့ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အပေါ်မှာပဲ အစ်ကို စိတ်တွေ ပူနေ တာပါ။
မေး။ ။ ကိုလူမင်း အနေနဲ့ ပရိသတ်တွေကို ပြောချင်တဲ့စကားနဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုကို ဖော်ပြပေးပါဦး။
ဖြေ။ ။ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဗီဒီယိုလေး တကား ရိုက်နေပါတယ်။ ပရိသတ် ကတော့ အစ်ကို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို အားပေးနေကြပဲ။ အစ်ကို ဘယ်လောက်ပဲ အလုပ်တွေ များပါစေ ပရိသတ်ရှေ့ တင်ပြလာမယ့် ကားတွေကို အနုပညာ ဇွဲတွေ မလျှော့ဘဲ လုပ်သွားမှာပါလို့ …၊ ပရိသတ်ကြည့်ရင် သိနိုင်မှာပါ။