စစ်တပ်ကြီးစိုးမှု နှစ် ၅၀ ကျော်အပြီး မြန်မာနိုင်ငံ စတင် လွတ်လပ် ပွင့်လင်းလာပြီ ဖြစ်သည်။ တံခါးဖွင့်ခဲ့သူများက တိုင်းပြည်ကို ဆင်းရဲ နွမ်းပါးအောင် ဖိနှိပ်ချုပ်ချယ်ခဲ့သော စစ်အာဏာရှင် လက်ကျန်တချို့ပင် ဖြစ်သည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်သည်လည်း ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်အောက်တွင် ကျိုးနွံစွာ အမှုထမ်းခဲ့သူပင် ဖြစ်သည်။
ဦးသိန်းစိန်ကို နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးလုပ်သူဟု အမည်ကင်ပွန်းတပ်သည်။ သို့သော် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဝါဒီဟု သတ်မှတ်ရန် စောသေးသည်ဟု မြင်သည်။ ကနဦး အစကတည်းကိုက သမ္မတဦးသိန်းစိန် အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို မဲလိမ်၍တက်လာသော အစိုးရသာ ဖြစ်သည်။ ပြည်သူလူထုက ရွှေးချယ်ခဲ့သည်ဟု ပြော၍မရပါ။ ဖိအားများကြောင့် မလွှဲမရှောင်သာ နိုင်ငံရေးဇာတ်ခုံပေါ်မှ ဆင်းခဲ့ရသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ဦးသိန်းစိန်ကို မင်းသမ္မတလုပ်ကွာဟု ပြော၍သာ သမ္မတ ဖြစ်ခဲ့ရခြင်းသာ။ ဦးသန်းရွှေ လူရွေးမှန် မမှန်ထက်စာရင် လူရွေးတော်သည်ဟု ဆိုရမည်။ မွဲတေနေဆဲဖြစ်ပြီး တံခါးပွင့်သော တိုင်းပြည်တွင် ထင်တိုင်းကြဲခဲ့သော စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ခရိုနီ စီးပွားရေးသမားများက အာဏာနှင့် စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်ထားဆဲ၊ နိုင်ငံပိုင် သယံဇာတများကို တူးဖော်ရောင်းစားဆဲ ဖြစ်သည်။
သို့သော် တိုင်းပြည် ဆင်းရဲမွဲတေသွားစေခဲ့သော ယခင် စစ်အစိုးရလက်ထက်တွင် ကျူးလွန်ဖောက်ဖျက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ထောက်လှမ်းရေး၏ ပြစ်မှုများအတွက် ယခုအထိ မည်သူကမျှ တာဝန်ရှိကြောင်း ရိုးရိုးသားသား ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ တိုင်းပြည်ကို ပိပြားကြောက်ရွံ့နေစေအောင် အုပ်စိုးခဲ့သော မြန်မာဂတ်စတာပို ထောက်လှမ်းရေးခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များ ယခုအချိန်တွင် ဘုရားတည် ကျောင်းဆောက် သူတော်ကောင်းယောင် ဆောင်ပြနေခြင်းမျှဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီဟု ဆို၍မရ။ တိုင်းပြည်တွင် တရားဥပဒေစိုးမိုးမှု မဖြစ်ထွန်းသေးကြောင်း ဆက်လက်သက်သေပြခြင်းသာဖြစ်သည်။ မတရားခံခဲ့ရသူများ ယခုအချိန်အထိ တရားမျှတမှုကို မမြင်ရသေးသောကြောင့် ရှက်ဖွယ်အတိဟု ဆိုရန်သာရှိသည်။
စစ်အစိုးရခေါင်းဆောင်များနှင့် ခရိုနီတို့၏ နိုင်ငံတော်ပိုင် သယံဇာတများ၊ နိုင်ငံတော်ပိုင်မြေများ၊ အဆောက်အအုံများ စသည်တို့ကို သိမ်းယူခဲ့မှုများ အလွဲသုံးစားလုပ်ခဲ့မှုများကို နှာစေးနေဆဲ ဖြစ်ရုံမက ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတနှင့်နီးစပ်သော ခရိုနီအသစ်များပင် ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဦးသိန်းစိန်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ပြောဆိုနေကြသည့် အကူးအပြောင်းသည် ယခုအတိုင်းဆိုလျှင် နောက်ကြောင်း ပြန်မလှည့်ရင်တောင် ရှေ့ကိုမတိုးနိုင်ဘဲ နွံနစ်နေပြီဟု ပြည်တွင်းပြည်ပ စောင့်ကြည့်သူများက ဝေဖန်သုံးသပ်နေကြပြီ ဖြစ်သည်။ တိုင်းပြည်တွင် ဆုံးဖြတ်ချက်ချရဲသော၊ မေးခွန်းမေးသူ၏ မျက်လုံးကို ရဲရဲဝံ့ဝံ့ ပြန်ကြည့်ရဲသော၊ ရှေ့ရေး အမြင်ကျယ်သော၊ ရိုးသားကြိုးစားသော နိုင်ငံ့ ခေါင်းဆောင်များ အရေးတကြီး လိုအပ်နေချိန် ဖြစ်သည်။
လျှပ်စစ်မီး မလုံလောက်သော တိုင်းပြည်ကို မီတာခ တိုးကောက်တတ်ရုံဖြင့် အုပ်ချုပ်၍ မရနိုင်ပါ။ ရှေ့ဆက်သွားဖို့အတွက် အစိုးရ အနေနှင့် ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ပြဖို့ လိုသလို ပြည်သူ့စကားကို နားထောင်မည် ဟု ကြွေးကြော်နေသော ခေါင်းဆောင်ဆိုသူများ အရင်ကာလ ကျူးလွန်ခဲ့သော စီးပွားရေး နိုင်ငံရေး ပြစ်မှုများအတွက် တောင်းပန်လိုက်ပြီး တတ်ကျွမ်းသူများကို ဦးစီးဦးဆောင်လုပ်ခွင့် ပေးရမည်။ ဒီမိုကရေစီအကြောင်းပြောနေသူများ ဒီမိုကရေစီ၏ အခြေခံအကျဆုံးဖြစ်သည့် တိုင်းပြည်နှင့် မြို့ရွာများကို ဦးဆောင်ဦးစီးလုပ်မည့်သူများကို လူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ကို ယုံကြည်ရမည်။ တည်ဆောက်ကျင့်သုံးရမည်။
သို့ဆိုလျှင် နင်းပြားအောက် နေခဲ့ရသော်လည်း မြန်မာတွေက ကျေနပ်နိုင်သည်။ ခွင့်လွှတ်နိုင်သည်။ သူတို့ ဘဝကို အပျော်သဘောနဲ့ အထေ့သဘောနဲ့ ကြည့်တတ်သော မြန်မာနိုင်ငံသားများက ယခင်က အာဏာရှင် ဆယ်ခါဖြစ်ခဲ့သည်များကို အိုကေပါသည်ဟု ပြောကြကာ အတိတ်မှာ ခံခဲ့ရသမျှ ပျော်ပျော်ကြီး ခွင့်လွှတ်ပါလိမ့်မည်။ ရိုးရိုးသားသား လုပ်ကြလျှင် အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးတို့ အတွက်လည်း ပိုမိုလွယ်ကူသွားလိမ့်မည်။ ဝန်ခံဖို့သာ လိုပါသည်။ သတ္တိရှိရှိ တောင်းပန်လိုက်ဖို့သာ လိုသည်။