ခရစ်နှစ်၂၀၁၅ က နှစ်ဟောင်းမှာကျန်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကို ရောက်ရှိလို့လာပါပြီ။ မြန်မာနိုင်ငံ အတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ၂၀၁၆ ခုနှစ်က အဆိုးတွေ ချန်ထားပြီး အကောင်းတွေ သယ်ဆောင်လာတဲ့ လာခြင်းကောင်းတဲ့နှစ်ဖြစ်လေမလား။ အဆိုးကျော့သံသရာလည်မလား။ တိုင်းသူပြည်သားတွေရဲ့ မျှော်လင့်ချက်တွေရော
ဘယ်တော့များမှ အလုံးစုံပြည့်ဝမှာလဲ။
ကျန်ခဲ့တဲ့နှစ်အတွင်းမှာ ပြောင်းလဲမှုတွေ အနည်းငယ်ရှိခဲ့ပေမယ့် ပြည်သူတွေချဉ်ခြင်း မပြေနိုင်ဖြစ်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၆ ခုနှစ်မှာတော့ ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းနိုင်တော့မယ်။ အဲဒီလို ဖွဲ့စည်းခွင့်ရနိုင်ဖို့ မဲဆန္ဒရှင်ပြည်သူတွေက တာဝန်ကျေကျေ မဲပေးခဲ့ကြတယ်။ ဒီမိုကရက်တစ် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လူမှုဘဝတိုးတက်မြင့်မားရေး အပြည့်အ၀ အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိတယ်။ လာမယ့် လွှတ်တော်တွေမှာ ဒီမိုကရက်တစ်အမတ်တွေ နေရာအများစုမှာ အနိုင်ရရှိထားလို့ ပြည်သူကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့ အားထုတ်ဖို့လိုသလို ပြည်သူအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေ ပြင်ဆင်ပယ်ဖျက်ပေးဖို့ လိုအပ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းမယ့် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေက သေချာပေါက် စောင့်နေမှာဖြစ်တယ်။ အစိုးရအဖွဲ့တင်မက ပြည်သူတွေအတွက်လည်း စိန်ခေါ်မှုတွေက ရှိနေတယ်။၂၀၁၆ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းကို လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ ရင်ဆိုင်ကြရတော့မယ်။ အဲဒီအတွက် ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားတဲ့ လုပ်ငန်းတွေက အရေအတွက် နည်းနည်းပဲ ရှိတယ်။ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်လုပ်သား ရှားပါးနေဆဲဖြစ်တယ်။ အသေးစားနဲ့ အလတ်စား(SMEs)တွေမှာ ထုတ်လုပ်ရေးရော ရောင်းဝယ်ရေးမှာပါ မိရိုးဖလာစီးပွားရေးပုံစံအဟောင်းနဲ့ပဲ လည်ပတ်နေကြတယ်။
သာမန်ပြည်သူအများစုက ခြေကုန်လက်ပန်းကျနေကြပြီ။ စီးပွားရေးနဲ့ လူမှုရေးတာဝန်တွေကြောင့် မောပန်းနွမ်းနယ်နေကြတယ်။ သူတို့ရဲ့ စွမ်းအားတွေကို စားဝတ်နေရေးထဲမှာ ပုံအောသုံးထားကြရလို့ ကြွပ်ဆပ်နေကြတယ်။ အရာရာမှာ သည်းမခံချင်တော့ဘူး။ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေကြတယ်။ အစိုးရဝန်ထမ်းတွေဆို (ဝန်ဆောင်မှု ကောင်းကောင်းပေးတယ်ဆိုသည့်တိုင်) ဘယ်ဝန်ထမ်းနဲ့မှ ဖြစ်နိုင်ရင် မဆက်ဆံချင်တဲ့စိတ်တွေရှိနေတယ်။ မလွှဲသာလို့ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရရင်လည်း ကိစ္စဝိစ ္စအမြန်ပြီးချင်တော့ ဝန်ထမ်းဆိုးတွေကို “ရေလောင်း”နေရတဲ့ အခြေအနေတွေကို ပြည်သူတွေ စိတ်ကုန်လှပြီ။ ကျန်းမာရေး နဲ့ ပညာရေးလို အကယ်ဒမစ်ရပ်ဝန်းမှာသည်ပင် ဝန်ထမ်းဆိုးအချို့ ရှိနေတယ်။ ပြည်သူတွေရဲ့ လူမှုဘ၀ လုံခြုံဖို့နဲ့ တိုးတက်မြင့်မားဖို့ အစိုးရသစ်အနေနဲ့ ဖော်ဆောင်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။
၂၀၁၆ ခုနှစ်က ပြည်သူတွေအတွက် ရွှေရောင်မျှော်လင့်ချက်တွေတော့ ရှိနေပါသေးတယ်။ ပြည်သူတွေက ဒီမိုကရက်တစ်အမတ်တွေကို ရွေးချယ်လိုက်တာကြောင့် လူမှုဘဝတွေ မြင့်မားလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပြည်သူတွေရဲ့ ရင်ထဲမှာရှိနေတယ်။ အဲဒီမျှော်လင့်ချက်တွေကို ဖော်ဆောင်ပေးဖို့ ရွေးချယ်ခံအမတ်တွေမှာ တာဝန်ရှိတယ်။အနှစ်နှစ် အလလက ကိန်းအောင်းနေတဲ့ ပြည်သူတွေရဲ့ မျော်လင့်ချက်တွေရှင်သန်ဖို့ လွှတ်တော်အမတ်မင်းများ ဖော်ဆောင်ကြပါ။
အခုရွေးချယ်ခ့ထားရတဲ့ အမတ်အများစုက ပြည်သူတွေရဲ့ လူမှုဘဝတွေကို စာနာနားလည်ကြသူများဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြည်သူ့ဘဝကို ကောင်းကောင်းသိပြီးသူတွေဖြစ်လို့ အကျယ်တဝင့် ရှင်းပြနေစရာမလိုပါဘူး။ လွှတ်တော်ထဲသွားငိုက်ကြမယ့် အမတ်မင်းတွေကို ပြည်သူတွေက မလိုချင်ဘူး။ပြည်သူတွေအပေါ်
အချဉ်လို သဘောထားပြီး သငေါက်သငမ်းလုပ်မယ့် ဝန်မင်းတွေဆို ကြောက်လှပြီ။ လွှတ်တော်တွင်းမှာ နေကောင်းစားပျော် အဆိုရှင်တွေ မေးကောင်းဖြေကောင်း အမတ်တွေ ပြည်သူတွေက စိတ်ကုန်တာကြာလှပေါ့။
ပြည်သူအများစုက အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အကြောင့်အကျကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းချင်ကြတယ်။ စိတ်မကောင်းစရာကတော့ တိုင်းရင်းသားဒေသအချို့မှာ သေနတ်သံတွေ မတိတ်သေးဘူး။ နယ်စပ်ဒေသက တိုင်းရင်းသားတွေအပါအဝင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူအားလုံး ငြိမ်းချမ်းရေးနဲ့ ထိုက်တန်ပါတယ်။ ငြိမ်းချမ်းအောင် စွမ်းဆောင်ကြဖို့ တိုက်တွန်းပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်ထိ ပြည့်ည့်ဝမယ်ဆိုတာ မကြာခင်မှာ တွေ့ရတော့မယ်။
ကျနော်တို့ တိုင်းပြည်က (လက်မခံချင်သည့်တိုင်) အခုချိန်ထိ တတိယကမ္ဘာထဲမှာ ရှိနေဆဲဖြစ်တယ်။ တိုင်းပြည်က အစစအရာရာ ကျရှုံးတာကတော့ အမြင်ပါပဲ။ ဘယ်သူ ဘယ်ဝါကြောင့် ကျရှုံးခဲ့တယ်ဆိုပြီး လက်ညှိုးထိုး အပြစ်ဖို့ရမယ့် အချိန်မဟုတ်တော့ဘူး။ ကျရှုံးမှုက ဘယ်လိုလွတ်အောင် လုပ်ကြမယ်ဆိုတာ အဖြေရှာကြရမယ့် အချိန်ရောက်နေပြီ။ အများနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့ တိုင်းပြည် ရှေ့ရောက်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရပါ့မယ်။ နွံထဲမှာ ကျွံနေတဲ့လှည်း ဝေဖန်လေကန်နေရုံနဲ့ မရွေ့နိုင်ဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပြီ။ အားစိုက်ပြီး အားလုံးတက်ညီ လက်ညီ ပြိုင်တူတွန်းမှသာ ရွေ့ပါလိမ့်မယ်။
တတိယကမ္ဘာထဲက ရုန်းထွက်ဖို့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ အစိုးရချည်း အားကိုးနေလို့မရဘူး။ ပြည်သူတွေလည်း တတပ်တအား ပါဝင်ကြရမှာ ဖြစ်တယ်။ တိုင်းပြည် ဂုဏ်သိက္ခာရှိရှိ လူလူသူသူ ရပ်တိုင်နိုင်ဖို့ ပြည်သူ့အားကို အများကြီးလိုပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို အိမ်စာလုပ်ခဲ့ကြဖို့ အနိုင်ရပါတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးပါပြီ။ အိမ်စာတကယ်လုပ် မလုပ် မကြာခင်မှာ အဖြေပေါ်တော့မှာပါ။ မဲဆန္ဒရှင်တွေကိုယ်တိုင်လည်း ကိုယ်မဲပေးရွေးချယ်လိုက်တဲ့
အမတ်တွေ အိမ်စာလုပ်သလားဆိုတာ စာမေးပွဲစစ်ကြပါ။ အိမ်စာမလုပ်ထားတဲ့ အမတ်တွေကို ပြည်သူတွေက ဒဏ်ခတ်မှာ အသေအချာပါပဲ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ပြည်သူ့ဆန္ဒ
လွှတ်တော်ဆန္ဒ ဆိုတာ လူမြင်ကောင်းအောင် ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်မဟုတ်ကြောင်း ရွေးချယ်ခံအမတ်တွေက သက်သေပြကြပါ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)