ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခင်စစ်အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေက လုပ်ငန်းက ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေကို လက်ဝါးကြီး အုပ်ထားတာကြောင့် ဒေသခံတွေအတွက် အကျိုးအမြတ် တစုံတရာမှ မရရှိဘဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရပါတယ်။
သတ္တုတွင်းဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့ စာရင်းများအရ ဖားကန့်မြို့မှာ ကုမ္ပဏီ ၆၂၇ ကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ခုကို အစိုးရနဲ့ အကျိူးတူလုပ်ကွက် ၃၁၁ ကွက် ချထားပေးပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားပါတယ်။ ဒါ့အပြင် ဖားကန့်မြို့က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ မြေစာပုံများမှာ ရေမဆေးကျောက် ရှာဖွေနေတဲ့ အလုပ်သမား ၂ သိန်း ဝန်းကျင်လည်း ရှိနေပါတယ်။
မြေစာပုံများမှာ ရေမဆေးကျောက် ရှာဖွေနေတဲ့ အလုပ်သမားတွေထဲမှာ အမျိုးသမီးများလည်း ပါဝင်နေပြီး အဲဒီ အမျိုးတွေအတွက် တရားဥပဒေစိုးမိုးရေး မရှိတာ၊ အမျိုးသမီးအခွင့်အရေး မရတာ၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို လုပ်ကိုင်ခွင့် မပြုတာတွေကို ကြုံတွေ့နေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသမီးရေးရာ လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ ဒေါ်ကိုင်ရာကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဖားကန့်မြို့မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက အဓိကဘာအလုပ်ကို လုပ်ကိုင်ကြပါလဲ။
ဖြေ။ ။ မယ်မယ်ရရတော့ မရှိပါဘူး။ အဓိကတော့ အမျိုးသမီးငယ်တွေက ကာရာအိုကေဆိုင်မှာ လုပ်ကြပါတယ်။ ပြီးတော့ မိမိခန္ဓာကိုယ်ကိုရင်းပြီး လုပ်နေကြသူတွေ ရှိတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကတော့ မျှော်လင့်ချက်နဲ့ ရေမဆေးရှာတဲ့ ကိုယ့်ယောက်ျားကို မျှော်လင့်နေရတယ်။ သူဌေးအိမ်မှာ အကူလုပ်တာတို့လည်း လုပ်ကိုင်ကြပါတယ်။
မေး။ ။ ဖားကန့်က အမျိုးသမီးတွေမှာ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ဘယ်လို ရုန်းကန်နေရကြရလဲ။
ဖြေ။ ။ အမျိုးသမီးတွေရဲ့ အခက်အခဲကတော့ ပြောလို့မကုန်အောင်ပါပဲ။ နံပတ် (၁) က ကိုယ့်သားသမီးတွေရဲ့ အသက်အန္တရာယ် စိုးရိမ်မှုပါပဲ။ ရေမဆေးကျောက် ရှာဖွေနေတဲ့ ကိုယ့်ယောကျၤား၊ ကိုယ့်သားတွေ မပြန်မလာမချင်း စိတ်ပူနေရသလို၊ ကျောင်းသွားနေတဲ့ သားသမီးတွေ ကျောင်းကနေ မပြန်မလာမချင်းလည်း စိတ်ပူနေရတယ်။
နောက်တချက်က ဖားကန့်ဟာ ဥပဒေကင်းမဲ့တဲ့ နယ်မြေတခုတည်းဖြစ်တယ်။ ကိုယ့်သားသမီးဘဝ လုံခြုံမှုအတွက် စိုးရိမ်ရတယ်။ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုကတော့ ပိုစိုးရိမ်ရပါတယ်။ ဖားကန့်ဒေသဟာ ချမ်းသာတဲ့သူက အရမ်းချမ်းသာပြီး ဆင်းရဲတဲ့သူက အရမ်းဆင်းရဲတယ်။ စီးပွားရေး၊ စားဝတ်နေရေး အဆင်မပြေဘူး။ လူငယ် အမျိုးသမီးတွေက သူတို့ဘဝကိုရင်းပြီးတော့ Sex worker တွေ လုပ်ကြတယ်။ ဒီနေရာမှာလည်း သူတို့တွေဟာ အာဏာပိုင်တွေရဲ့ ခေါင်းပုံဖြတ်မှုကိုလည်း ခံနေကြရတယ်။
မေး။ ။ Sex Worker တွေကို အာဏာပိုင်တွေက ခေါင်းပုံဖြတ်နေတယ်ဆိုတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်ကိုင်ရာတို့အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနေပါလဲ။
ဖြေ။ ။ ကျမတို့ဆီကို ဒီလိုခေါင်းပုံဖြတ် ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အများကြီး လာရောက်တိုင်ကြပါတယ်။ လာဆွေးနွေးကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ ကူညီပေးရင် အန္တရာယ်တွေ အရမ်းကြီးတယ်။ ဘာမှလည်း မကူညီနိုင်သေးဘူး။ တာဝန်ယူပေးမယ့်သူလည်း တကယ်မရှိဘူး။
ကျမလည်း ဖားကန့်မှာနေရတာ ကျောချမ်းပြီး နေနေရတယ်။ ကိုယ့်ကိုယ်ဘယ်သူက ရန်လာပြုမှာလဲဆိုပြီး ကြောက်နေရတယ်။ အာဏာပိုင်တွေက တိုက်ရိုက် ခြိမ်းခြောက်တာမျိုးတော့ မရှိပါဘူး။ ရပ်ကွက်လူကြီးတွေက လာပြောတာတွေတော့ ရှိပါတယ်။ ကျမလည်း ဘယ်အချိန်ဘာဖြစ်မှာလဲ ဆိုတာကို စိုးရိမ်နေရတယ်။ ဒါပေမယ့် ကျမဆုံးဖြတ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်သွားမယ်ဆိုတာပေါ့။
မေး။ ။ ဖားကန့်ဒေသက အမျိုးသမီးတွေ အန္တရာယ်တွေအကြားမှာ သူတို့ဘယ်လို ရှင်သန်နေကြတာကို တွေ့ရပါလဲ။
ဖြေ။ ။ ဘယ်လို ရှင်သန်နေရလဲဆိုတော့ တရက်အသက်ရှင်ရတာ အင်မတန် ကံကောင်းတယ်။ ဘာလို့လဲဆိုတော့ မသေချာဘဲ အသက်ရှင်နေရလို့ပါ။ သွားရေးလာရေး မလုံခြုံတာတွေ၊ အစစအရာရာ စားဝတ်နေရေး အဆင်မပြေတာတွေ။ အလုပ်အကိုင်၊ အခွင့်အလမ်း အဆင်မပြေမှုကြောင့် အမျိုးသားတွေနဲ့ အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီးတာတွေလည်း များတယ်။ လူမှုဒုက္ခ အဝဝပါပဲ။
မေး။ ။ အခုအစိုးရသစ် လက်ထက်မှာ ဖားကန့်က အမျိုးသမီးတွေအတွက် သက်ဆိုင်ရာလွှတ်တော်ကို ဘာများပြောချင်ပါလဲ။
ဖြေ။ ။ လွှတ်တော်ထဲရောက်သွားတဲ့ အမျိုးသမီးတွေက ဖားကန့်မှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကာကွယ်ပေးစေချင်တယ်။ ကျမတို့က လက်လှမ်းမမီဘူး။ စိုးရိမ်မှုတွေ တခုပြီးတခု ဖြစ်နေတာကို ကျမတို့လည်း မခံစားနိုင်တော့ဘူး။ တခါတလေ ပြဿနာတွေကို ဥပက္ခာပြုနေရတာတွေ ရှိပါတယ်။
လွှတ်တော်ထဲ ရောက်နေတဲ့သူတွေက ပညာရှင်တွေဖြစ်တဲ့အတွက် ကျမတို့ ကချင်အမျိုးသမီးများ အထူးသဖြင့် ဖားကန့်ဒေသက အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေကို ဆွေးနွေးပေးပါ။ ပြုလုပ်ပေးပါ။ ပြီးတော့ ကျမတို့ ဖားကန့်ဒေသကိုလည်း လာရောက်လေ့လာပါ။ လာရင်လည်း ကျမတို့တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးပါမယ်။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျမတို့ဒေသမှာရှိတဲ့ အမျိုးသမီးတွေကို၊ ကြောက်စိတ်တွေနဲ့ဘဝကို ကြီးပြင်းလာတဲ့ အမျိုးသမီးတွေကို နိုင်ငံရေးအမြင်တွေ ဗဟုသုတတွေ တက်လှမ်းလာနိုင်ဖို့ သင်တန်းတွေ များများလာသင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။