မြန်မာနိုင်ငံ အနှံ့အပြားတွင် အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် ပူပြင်းသော အပူချိန်ကြောင့် မိုးကြိုကာလတွင် မိုးတိမ်တောင်များ ဖြစ်ပွားပြီး မိုးတိမ်တောင်များ အားကောင်းမှုကြောင့် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် သစ်ပင်ပိခြင်းကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။ သို့ဖြစ်ရာ မေလအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲ ဖြစ်ပေါ်နိုင်သည့် ရာသီဥတု အခြေအနေများ၊ ကြိုတင် ကာကွယ်ရန်၊ ဆောင်ရန် ရှောင်ရန်များနှင့် ပတ်သက်ပြီး မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာ က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ ဒေါက်တာ ဦးထွန်းလွင် အနေနဲ့ လက်ရှိ ရာသီဥတု အခြေအနေကို ဘယ်လိုသုံးသပ်ချင်ပါသလဲရှင့်။
ဖြေ။ ။ အခုအချိန်မှာ ရာသီက မိုးကြိုရာသီလို့ ခေါ်တယ်။ ၄၀ ဒီဂရီ ဖာရင်ဟိုက် အထက်၊ အောက် ရှိတဲ့နေရာတွေက မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ကယား၊ ကရင်၊ မွန် ၊ တနင်္သာရီ အဲ့ဒါရှိတယ်။ အဲဒီ အထဲကမှ စစ်ကိုင်းနဲ့ မကွေးတိုင်းက နေရာ တော်တော် များများမှာ အပူချိန်က ၄၅ ဒီဂရီ စင်တီဂရိတ် လောက်အထိ ဆိုလိုတာက ၁၁၃ ဒီဂရီ ဖာရင်ဟိုက်ကျော်တယ်၊ အဲ့ဒီလောက်အထိ အလွန်ပူပါတယ်။
မေလမှာ မိုးတိမ်တောင်တွေ ဖြစ်တတ်တယ်။ ဒီနှစ်မှာ မမေ့ဖို့က အယ်နီညိုလည်း ဖြစ်နေတဲ့ အခါကျတော့ မေလဖြစ်တဲ့ မိုးတိမ်တောင်က အရင်နှစ်တွေက ဖြစ်တာထက် ပိုများတယ်။ နောက်ထပ် မေလရဲ့ ထူးခြားချက်က မုန်တိုင်းရှိရင် မုန်တိုင်းအန္တရာယ် ဖြစ်တတ်တယ်။ သတိထားဖို့လိုတယ်။ ဒါပေမယ့်လည်း စောစောက ပြောခဲ့တဲ့အတိုင်း ဒီနှစ်က အယ်နီညို ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူဖြစ်တဲ့နှစ်တွေမှာ မြန်မာပြည်က မုန်တိုင်းအန္တရာယ်ကင်းတတ်တယ်။ နောက် မုန်တိုင်းအန္တရာယ် လျော့နည်းဖွယ်ရာ ရှိတယ်ပေါ့။
လာမယ့် မေလဟာ မြန်မာနိုင်ငံ အရပ်ရပ်မှာ မုတ်သုန်လေ စဝင်တဲ့ရက်ပေါ့။ မုတ်သုန်လေ ဝင်တဲ့နေရာမှာလည်း အယ်နီညို ဖြစ်နေတဲ့ အတွက် မုတ်သုန်လေဟာ ပုံမှန်ထက် နောက်ကျပါလိမ့်မယ်။
မေး။ ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်မှာ မိုးသီးကြွေတာတွေက တချို့နေရာတွေမှာ ဆိုးဆိုးဝါးဝါး များပြားတာ တွေ့ရတယ်။ မနှစ်ကထက်တောင် များနေတော့ နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲသွားတဲ့အခြေအနေမှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ
ဖြေ။ ။ ရာသီဥတုက ပြောင်းတယ်လို့လည်း ပြောလို့ရတယ်၊ ပြောင်းတာမဟုတ်ဘဲ အခြေအနေတရပ်လို့လည်း ပြောလို့ရပါတယ်။ နံပတ် ၁ နားလည်ရမှာက ရိုးရိုးအယ်လ်နီညိုမဟုတ်ဘူး။ ကမ္ဘာအရပ်ရပ်က အားအကောင်းဆုံး အယ်လ်နီညိုဖြစ်နေတယ်။ မြန်မာ တနိုင်ငံလုံးကလည်း ပူပြင်းနေပြီး အပူပြင်းဆုံး က အလယ်ပိုင်းပဲ။ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက အပူချိန်က ၄၅ ဒီဂရီစင်တီကျော်နေပြီ။ နေ့အပူချိန် စံချိန်ချိုးတဲ့စခန်းကို ၂ဝ လောက်ရှိနေပြီ။ အလွန်ပူ နေတဲ့အနေအထားမှာ Warm Pool လို့ ပြောလို့ရတဲ့ တကယ် ပူနွေးတဲ့ဒေသ လည်း ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု သဘာဝ ကလည်း ဧပြီလ ၁၅ ရက်ကနေ စပြီးတော့ မြန်မာနိုင်ငံ အတွင်းကို ရေငွေ့ပါတဲ့ လေ စဝင်တဲ့အခါမှာ အနောက်မြောက်ဘက်က ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ဟာရှိတယ်။ အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော် ထဲက မုတ်သုံလေရေပြင် အဖြစ် ဝင်လာတဲ့လေတွေ ရှိမယ်။ အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့ က ဝင်လာတဲ့လေတွေ ရှိမယ်။ အများအားဖြင့် မိုးတိမ်တောင်တွေဖြစ်တယ်။ ရေငွေ့ပါတဲ့လေက မြန်မာနိုင်ငံ အလယ်ပိုင်းကို ရောက်တဲ့အခါ အလွန်ပူနေတော့ အဲ့ဒီ မိုးတိမ်တောင်က ပိုပြီးတော့ ပြင်းထန်သွားတယ်ပေါ့။
ရေခဲကျတဲ့နေရာ တွေက စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းတောင်ပိုင်း၊ ဧရာဝတီ၊ အများအားဖြင့် အပူပိုင်းဒေသမှာ ကျတယ်ပေါ့နော်။ ထူးကဲစွာ မိုးသီးကြွေကျခြင်းဟာ အလယ်ပိုင်းရဲ့ ထူးကဲစွာ ပူပြင်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်ဟာ သဘာဝလွန် မိုးတိမ်တောင်အဆင့်ကို ကူးပြောင်းရာက လွန်ကဲစွာ မိုးသီးကြွေကျခြင်းဖြစ်လာတယ်။ ဒီလိုမျိုး နှစ်ပေါင်း ၅၀ ကျော် မိုးလေဝသမှာ အလုပ်လုပ်နေတာ မကြုံဖူးပါဘူး၊ ဆရာကတော့ ဒီဖြစ်စဉ်ကို အယ်လ်နီညိုကြောင့်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ လက်ရှိ မိုးကြိုကာလဖြစ်တဲ့ ဧပြီလ ၁၅ ရက်ကနေ မေလ ကုန်အထိ ဆိုတော့ မိုးတိမ်တောင် ဖြစ်နိုင်ခြေ ထပ်အားကောင်းဖို့ ရှိနိုင်သေးလား။
ဖြေ။ ။ မိုးတိမ်တောင်ဆိုတာက မုတ်သုန် ဝင်လာပြီဆို မရှိတော့ပေမယ့် အနည်းငယ်တော့ ရှိတတ်တယ်။ မုတ်သုန်လေ အားမကောင်းတဲ့ နှစ်တွေမှာ ရှိတယ်။ ဒီနှစ် မုတ်သုန်က အားမကောင်းတော့ မိုးတွင်းမှာရော မုတ်သုန်ကာလအတွင်းမှာရော မိုးတိမ်တောင်ရှိဖို့ များတယ်။ ဒီလောက်တော့ မပြင်းထန် မကြီးမားနိုင်ဘူးပေါ့၊ လျော့သွားမယ်၊ အရေ အတွက် နည်းသွားပါလိမ့်မယ်။ မိုးမရွာခင် ဖြစ်တဲ့ကာလဆိုတော့ မေလကုန် အထိကတော့ ဖြစ်နေမှာပဲ။
မေး။ ။ ဒါဆို သတိထားရမယ့် အခြေအနေလို့ ပြောလို့ရမလားရှင့်။
ဖြေ။ ။ သတိထားရမယ့် အခြေအနေတော့ ရှိတယ်။ ဒါပေမယ့်လည်း ဒီလောက်အထိ ပြန်ဖြစ်မှာတော့ မဟုတ်ပါဘူး။
မေး။ ။ အခု ဖေ့စ်ဘုတ်မှာလည်း ကြားနေရတာက မေလ ၂ရက်၊ ၃ ရက်နေ့မှာ လေပြင်းတွေလည်းတိုက်နိုင်တယ်လို့ ကြားနေရတယ်ဆိုတော့ အဲဒီသတင်းတွေကရော ဖြစ်လာနိုင်ပါလား။
ဖြေ။ ။ လေပြင်းကတော့ ဒီရာသီမှာ တိုက်နေကြပဲလေ။ မိုးတိမ်တောင်က အားကောင်းလာရင်တော့ မိုးကြိုးပစ်တာတွေလိုက်လာပြီ၊ သိပ် အားကောင်းသွားပြီဆိုရင်တော့ လေဆင်နှာမောင်းတိုက်တယ်၊ စိုက်ဆင်း လေတိုက်တယ်၊ ပင်လယ်ဘက်မှာ ဆိုရင်တော့ ရေဆင် နှာမောင်းတိုက်တယ်။ မေလ ၂ ရက်နေ့မှာ လေဆင်နှာမောင်းတိုက်မယ်တို့ ဘယ်က ဘယ်ကိုရွှေ့သွားပြီဆိုတာ နည်းပညာအရတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လေဆင်နှာမောင်း ဆိုတဲ့ဖြစ်စဉ်က တပတ်လောက်ကြိုပြီး လေဆင်နှာမောင်းက ဘယ်ကိုဦးတည်မလဲဆိုတာ ကြိုခန့်မှန်းလို့မရပါဘူး။ ယနေ့အချိန် ကမ္ဘာပေါ်မှာ တနည်းပဲရှိတယ် အဲ့ဒါဟာ ရေဒါပါပဲ။
မုန်တိုင်းလည်းမဖြစ်နိုင်ဘူး။ လေဖိအားနည်း ရပ်ဝန်းကလည်း ကုန်းပေါ်ဆိုတော့ ဘယ်လိုမှ အားမကောင်းနိုင်ပါဘူး။ ဒီသတင်းက သိပ်ပြီး မေးလွန်းတော့ မိုးလေဝသ သတင်းထုတ်တယ်ဆိုတာ တာဝန်ရှိတဲ့သူတွေ ထုတ်တာကိုပဲ ယုံကြည် စေချင်တယ်။ လူတကာသုံးတဲ့ ဖေ့စ်ဘုတ် ဆိုတော့ လူပေါင်းများစွာက လူတွေရဲ့ စိတ်ဝင်စားမှုကြောင့် ဝင်ပြီးတော့ လုပ်တာရှိတယ်။ အပျော်တမ်း လုပ်တာရှိတယ်။ အဲ့ဒါမျိုးကတော့ ဆရာအနေနဲ့ကတော့ မဖတ်ပါနဲ့လို့တော့ မပြောလိုဘူးပေါ့နော်။ ကိုယ်တိုင် စဉ်းစားပေါ့။ ဒါဟာ တရားဝင်လုပ်တဲ့ ဌာနကထုတ်တာလား။ ဆရာတို့လို မိုးလေဝသဌာန က အနားယူထားသူတွေလား။ အထူးသဖြင့် ဒီအလုပ်လုပ်တဲ့သူတွေက ထုတ်တာလားဆိုတာတော့ စဉ်းစားပေါ့။
မေး။ ။ ဒေါက်တာဦးထွန်းလွင် ကို ထပ်မေးချင်တာကတော့ မိုးတိမ်တောင်ဖြစ်မယ်ဆိုရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုလုပ်သိနိုင်မလဲ။
ဖြေ။ ။ အကောင်းဆုံးကတော့ မိုးချုန်းသံကြားရတာ အကောင်းဆုံးပဲ။ မိုးခြိမ်းသံကြားရင်တော့ အဲဒါ အနီးဆုံးပဲ။ လေးမိုင်အတွင်းမှာ ရှိတယ်။ အဲဒါဆိုရင်တော့ သတိထားပေါ့။
မေး။ ။ ပြည်သူလူထု ကရော ဘယ်လို ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်မလဲရှင့်။
ဖြေ။ ။ လူတွေကတော့ ကွင်းပြင် ထီးထီးထဲ မနေဖို့၊ အကာအကွယ်မဲ့ မနေဖို့ကတော့ အဓိက အချက်ပါ။ ကွင်းပြင်ထဲမှာ ထီးထီးသွားနေတဲ့ အခါ လယ်ကွင်းထဲမှာ မတ်တပ်ရပ်နေတာတွေ ဆိုတာက မိုးကြိုးစက်ကွင်း တွေမှာ မိတတ်ပါတယ်။
မေး။ ။ ရာသီဥတုပြောင်းလဲမှု နဲ့ ရေရှားပါးမှု တပြိုင်နက် ကြုံတွေ့နေရတဲ့ အခြေအနေကို သုံးသပ်ပြောပေးပါဦး။
ဖြေ။ ။ အယ်လ်နီညိုကြောင့် ဖြစ်တာလေ။ လူတွေ အတွက် နောက်ထပ် ဒုက္ခပေါ့။ သောက်ရေမရှိလို့ အခက်အခဲဖြစ်နေတဲ့ကျေးရွာပေါင်းက ၂ ထောင်လောက်ရှိနေပြီ၊ အစဉ်အဆက်အရ ဒေသတခုရဲ့ အားကိုးရာဖြစ်တဲ့ ရေကန်ကြီးတွေ ခမ်းခြောက်နေပြီ။ မြေအောက်ရေတွေ ခမ်းခြောက်နေပြီ။ မိုးပေါ်က ရွာချတဲ့ရေကမရှိ၊ ရှိတဲ့ရေကလည်း ကုန်၊ စီးဆင်းတဲ့ရေ ကလည်းဆုံး ဆိုတော့ ဘယ်က ရတော့မှာလဲ။ ဘေးကျပ်နံကျပ်ပဲ။ စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ မကွေးတိုင်း က အဆိုးဆုံးပဲ။
မေး။ ။ ဒေါက်တာဦးထွန်းလွင် အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလား။
ဖြေ။ ။ ရာသီဥတု အသိဉာဏ်တွေ၊ ရာသီဥတုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေက လျစ်လျှုရှု့လို့ မရလောက်အောင် တိုင်းပြည်မှာ ကြုံတွေ့နေရတယ်။ ရာသီဥတုရဲ့ ထိခိုက်မှုကို တွက်ကြည့်တဲ့အခါမှာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်။ သစ်တော ပြုန်းတီးမှုက ကမ္ဘာပေါ်မှာ အဆိုးဆုံး တတိယနိုင်ငံ ဖြစ်နေတယ်။ ပတ်ဝန်းကျင် ယိုယွင်းမှုမှာလည်း ထိပ်ဆုံး၊ ဒဏ်ခံရမှု အထဲမှာလည်း ထိပ်ဆုံးရောက်နေတော့ ရာသီဥတုနဲ့ ပတ်သက်တဲ့ အလုပ်တွေက အများကြီးရှိနေတယ်။ လုပ်ရမှန်း သိဖို့လိုတယ်။ လုပ်ရမှန်း သိလို့ လုပ်တော့မယ်ဆိုရင်လည်း ဒီအတိုင်းထလုပ်ရမယ့် လုပ်ငန်းမျိုးမဟုတ်ဘူး၊ ဒီလုပ်ငန်းတွေမှာ အသိပညာလိုတယ်။ အသိပညာရှိမှ လုပ်လို့ရတဲ့အတွက် အသိပညာပြန့်ပွားအောင် ရာသီဥတုကို အာရုံစိုက်ပါ။ လေ့လာပါ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။