ပြင်ပတွင် ရောက်ရှိနေကြသည့် နိုင်ငံရေးလှုပ်ရှားသူများကို ပြည်ဝင်ခွင့် တားဆီး ကန့်သတ်ထားချက်များ ပယ်ဖျက်ပြီး နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုရန် အစိုးရသစ်ကို တောင်းဆိုကြောင်း ၁၉၈၈ လူထုအရေးတော်ပုံ ကာလတွင် ထင်ရှားခဲ့သော ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သည့် ဦးမိုးသီးဇွန်က ပြောသည်။
“တော်တော်များများက Black List ထည့်ထားခံရတုန်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခုမြန်မာပြည်မှာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေ ဖြစ်နေပြီ။ အာဏာလွှဲပြောင်းမှုတွေ ဖြစ်နေပြီ။ လူထုအစိုးရ တက်လာပြီ။ ဘာဖြစ်လို့ ကျနော်တို့ကို Black List ထည့်ထားလဲ။ ဘာဖြစ်လို့ ဗီဇာမရဘဲနဲ့ ငြင်းပယ်ခံနေရလဲ ကျနော်တို့ သိချင်တယ်။ ကျနော်တို့ လူသားတယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေကို ပြန် ခွင့် ရှိပါတယ်”ဟု ဦးမိုးသီးဇွန်က ဧရာဝတီကို ပြောသည်။
ဦးမိုးသီးဇွန် အပါအဝင် ပြည်ပရောက် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများကို ယခင် စစ်အစိုးရလက်ထက်က Black List (နာမည်ပျက်စာရင်း) သွင်း၍ ပြည်ဝင်ခွင့်ကန့်သတ်မှုများ ပြုလုပ်ခံခဲ့ရပြီး သမ္မတဦးသိန်းစိန် လက်ထက်၌ Black List စာရင်းမှ ဖယ်ရှားပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ဝင်ခွင့်ဗီဇာများ တားဆီး ကန့်သတ်မှု ပြုလုပ်လာကြောင်း ၎င်းက ဆိုသည်။
ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံထားရသူများထဲတွင် ၁၉၈၈ အရေးတော်ပုံကာလတွင် ပါဝင်ခဲ့ကြသူများအပါအဝင် နိုင်ငံရေးယုံကြည်ချက် ပုံစံအမျိုးမျိုးဖြင့် ၁၉၆၂ ခုနှစ်ကတည်းက ပြည်ပသို့ရောက်ရှိနေသူများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ယုံကြည်၍ ကူးပြောင်း လာသော တပ်မတော်သားများ ပါဝင်ကြောင်း သိရသည်။
ယခုအခါ လူထုက ရွေးကောက် တင်မြှောက်လိုက်သည့် အရပ်သား အစိုးရ လက်ထက်တွင် ကျရာအခန်းကဏ္ဍများက ဝိုင်းဝန်း ဆောင်ရွက်နိုင်ရန် အတွက် ထိုသို့သော တားဆီးပိတ်ပင်မှုမျိုး မထားသင့်တော့ကြောင်း ဦးမိုးသီးဇွန်က ပြောဆိုသည်။
“အဓိက ကတော့ဗျာ ကျနော်တို့ကိုဗီဇာပေးမှ မြန်မာပြည် တိုးတက်ကြီးပွားအောင် လုပ်ပေးမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ကျနော် တို့က ဒီမိုကရေစီ လိုလားတဲ့သူတွေ ဖြစ်တယ်။ နောက်တခုက ကျနော်တို့က နိုင်ငံသားတွေ ဖြစ်တယ်။ နိုင်ငံသားတဦး အနေနဲ့ ကျနော်ပြန်ချင်တယ်။ ကျနော့်မိဘဆွေမျိုးတွေနဲ့ တွေ့ချင်တယ်။ မြန်မာပြည်ကောင်းကျိုးအတွက် ကျနော်တို့ ကျရာကဏ္ဍက ဆောင်ရွက်ချင်တယ်။ ဒါဟာ ကျနော်တို့ရဲ့ အမြင့်ဆုံးဆန္ဒပါ”ဟု ဦးမိုးသီးဇွန်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်၌ ပြည်ဝင်ခွင့်ရရှိရန် ဦးမိုးသီးဇွန်သည် ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး ဗီဇာလျှောက်ထားခဲ့သော်လည်း သံရုံးတာဝန်ရှိသူများက လျှောက်လွှာကိုသာ လက်ခံခဲ့ပြီး ဗီဇာထုတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြရဦးမည်ဖြစ်သဖြင့် တပတ်အကြာမှ ပြန်လည်ဆက်သွယ်မည်ဟု ပြောဆိုကြောင်း ၎င်းက ပြောပြသည်။
ဦးမိုးသီးဇွန်ကို သမ္မတဦးသိန်းစိန် လက်ထက်၌ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခဲ့ပြီး မြန်မာပြည်တွင်း၌ ၎င်းရောက်ရှိနေချိန်တွင် ဗီဇာ ထပ်မံ တိုးပေးခြင်းမရှိတော့ဘဲ မြန်မာ့လေကြောင်းလိုင်း အားလုံးထံ ဦးမိုးသီးဇွန်အား စီးနင်းခွင့်မပြုရန် ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် လဝက(လူဝင်မှုကြီးကြပ်ရေး) ဌာနက အမိန့်ထုတ်ပြန် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ပြည်ဝင်ခွင့် ဗီဇာ ပေးရေးနှင့် ပတ်သက်ပြီး ဦးမိုးသီးဇွန် ပြောကြားချက် အသံဖိုင် – https://soundcloud.com/theirrawaddy/moe-thee-zun