ကျနော် မြန်မာပြည်မှာ ၂ ခါ အဖမ်းခံရပြီး ထောင်ကျပါတယ်။ ကျနော် ပထမအကြိမ် ပြန်လွတ်ပြီး ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ဇနီး ဈာပနကို လိုက်ပို့ဖြစ်တယ်။ အဲဒီမှာ ကျနော့်ကို ဖမ်းစဉ် က ပါခဲ့တဲ့ ထောက်လှမ်းရေးကိုတွေ့တယ်။ သူက မျက်နှာပူလို့ ရှောင်နေခဲ့ပေမယ့် ကျနော်က သဘောထားတမျိုးရှိနေတော့ မရမက လိုက်ရှာတွေ့တယ်။
တွေ့တဲ့အခါ ကျနော်က သူ့ကို ရှင်းပြပါတယ်။ အမိန့်အရ ခင်ဗျား ကျနော့်ကို ဖမ်းတဲ့အပေါ်မှာ ကျနော်က ခင်ဗျားကို ဘယ်လိုသဘောမှ မထားပါဖူး။ ဒါပေမယ့် ခင်ဗျား ကျနော့်ကို ဖမ်းတဲ့ အချိန်မှာ ဖမ်းဝရမ်း မပါဘူး။ ဘာ့ကြောင့် ဖမ်းသလဲ ဆိုတာ ကျနော့်ကို သေသေချာချာ မရှင်းပြခဲ့ဘူး။ အဲဒါ ဥပဒေကို ချိုးဖောက်တာ ဖြစ်သွားတယ်။ ပြီးတော့ စစ်ကြောရေးမှာ ကျနော့်ကို ၈ ရက်ကြာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခဲ့တယ်။ အဲဒါကလည်း တည်ဆဲဥပဒေကို ချိုးဖောက်တယ်။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒါတွေကို ရှင်းပြတော့ သူတွေပြီး ကြည့်နေတယ်။ အခုလိုပြောနေတာ ခင်ဗျားကို တရားပြန်စွဲဖို့၊ ခင်ဗျားတို့ကို ထောင်ထဲပြန်ထည့်ချင်လို့ ပြောတာ မဟုတ်ဘူး။ ကျနော့်လို နောက်လူတွေကို ခင်ဗျားတို့ ထပ်မနှိပ်စက်တော့တာကို လိုချင်တာလို့ ကျနော် ပြောဖြစ်ခဲ့တယ်။ ဆက်ပြီး နှိပ်စက်ညှင်းပမ်းမှုတွေ၊ လူကိုလူလို မဆက်ဆံတာတွေ ရှိနေသေးတယ်။ ခင်ဗျားနဲ့ ခင်ဗျားတို့ စစ်ထောက်လှမ်းရေးတွေ ဥပဒေကို ချိုးဖောက်နေတယ် ဆိုတာကို သိစေချင်တာ၊ ပြီးတော့ ပြင်စေချင်တာလို့ တမျှော်တခေါ်ကြီး ရှင်းပြလိုက်ပါတယ်။ ဒါက ၁၉၉၃-၁၉၉၄ ကာလလောက်ကတည်းက ကျနော့်သဘောထားပါ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ကျနော်တို့က ပြီးခဲ့တာတွေ ကို ပြီးခဲ့ပါစေဆိုပြီး သဘောထားလို့ မရပါဘူး။ ဒါ တယောက်ချင်း ကိစ္စမဟုတ်ပါဘူး။ လမ်းဘေးမှာ လူငယ်တွေ ရန်ဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီလို ရန်ဖြစ်ရင်တောင် စပြီး မှားတယ်ဆိုတဲ့ဘက်က နစ်နာသွားတဲ့သူကို တောင်းပန်ရတာ၊ ဆေးဖိုးပေးလျော်ရတာတွေ ရှိပါတယ်။ ဒီလိုတောင်းပန်ဖို့ လျော်ကြေးပေးလျော်ဖို့ ဆိုတာကို မိဖတွေ၊ ရပ်ကွက်လူကြီးတွေ၊ ရဲတွေက နှစ်ဦးနှစ်ဖက်ကို ဖျောင်းဖျကြရပါတယ်။ အဲဒီလို ဖျောင်းဖျတာကို ကျူးလွန်ခဲ့သူဖက်ကလည်း တောင်းပန်ဦးမှ၊ ကျူးလွန်ခံခဲ့ရသူ ဖက်ကလည်း ကျေအေးအုံးမှ သူတို့ နှစ်ယောက် ပြန်အဆင်ပြေမှာပါ။ ဒါတောင်မှ ကျူးလွန်သူဖက်က လိုလိုလားလားနဲ့ တောင်းပန်အုံးမှပါ။ အဲဒီလို စကျူးလွန်တဲ့ ဖက်က မတောင်းပန်ရင် ရဲမှာ အမှုဖွင့်ပြီး တရားရုံးမှာ တရားစွဲရပါတယ်။ အရပ်ထဲမှာ ဖြစ်တဲ့ ကိစ္စတောင် မတောင်းပန်ရင် တရားစွဲတဲ့ အဆင့်ကို ရောက်တတ်ပါတယ်။
အခု ကျနော်တို့ ပြောဆိုနေကြတာက စနစ်နဲ့ ဆိုင်နေတဲ့ ကိစ္စ၊ အများနဲ့ ဆိုင်နေတဲ့ ကိစ္စပါ။ ဆိုးရွားတဲ့ အတိတ်တွေကို သင်ပုန်းချေ နိုင်ဖို့အတွက် တည်ဆဲ အစိုးရက ခွင့်လွှတ်ပေးနိုင်ဖို့ အခြေအနေကို ဖန်တီးပေးရပါမယ်။ စနစ်တခုကို ပြင်တဲ့နေရာမှာ လူတန်းစားပေါင်းစုံပါမှ ဖြစ်မှာပါ။ အဲဒီထဲမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရသူတွေရော၊ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့သူတွေရော ပါနေပါတယ်။ ဒီလူတန်းစား ၂ ခု ပြန်ပြီး သဟဇာတ ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်ပါတယ်။
ဒီနေရာမှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူတွေက ဘယ်သူတွေလဲ၊ ချိုးဖောက်သူတွေက ဘယ်သူတွေလဲ ဆိုတာတွေကိုပါ စဉ်းစားရပါမယ်။ ချိုးဖောက် ခံခဲ့ရသူတွေက ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ရှေ့နေတွေ၊ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေပါ။ ပြည်သူတွေပါ။ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေ၊ ပြည်သူ့စစ်လိုအဖွဲ့မျိုးတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေ အပြင် သူတို့နဲ့ပေါင်းပြီး လုပ်စားနေကြတဲ့ စီးပွားရေးသမားတွေပါ။ ဒီလူတန်းစားတွေ အားလုံး ပြန်လည်သင့်မြတ်ဖို့က အရေးကြီးပါတယ်။
ယေဘူယျအားဖြင့် ပြောရရင်တော့ ပြည်သူတွေဟာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး (Civil and Political Rights) နဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး (Economic, Social and Culture Rights) တို့ကို ချိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ၂ ခု ဟာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ နိစ္စဓူဝဖြစ်နေခဲ့တာပါ။ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ အရပ်သားတွေ ညှင်းပမ်း နှိပ်စက်ခံနေရတဲ့ ကိစ္စ၊ ဥပဒေကိုကျော်လွန်ပြီး ဖမ်းဆီးတဲ့ကိစ္စ၊ ဥပဒေမဲ့ သတ်ဖြတ်ခံနေရတဲ့ကိစ္စ၊ စစ်ရှောင်ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှူံးနေရတဲ့ကိစ္စ၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်ခွင့် မရဘဲ တောတောင်တွေကြား ပုန်းအောင်းနေရတဲ့ ကိစ္စ၊ အမျိုးသမီးများကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်တဲ့ကိစ္စ၊ လယ်ယာမြေတွေ သိမ်းဆည်းခြင်းခံနေရတဲ့ ကိစ္စ၊ အလုပ်သမားများ လုပ်ခတိုးတောင်းလို့ ဖမ်းဆီးထောင်သွင်းချခံရတဲ့ကိစ္စ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အတွက် အဖမ်းအဆီးခံရတဲ့ ကိစ္စ၊ မျှတတဲ့ တရားစီရင်ရေး ပျောက်ဆုံးနေတဲ့ ကိစ္စ၊ ဥပဒေ စိုးမိုးရေးကို တာဝန်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက တာဝန်လစ်ဟင်းမှုများ၊ လဘ်ပေးလဘ်ယူမှုများကို ဥပဒေနှင့်အညီ မကိုင်တွယ်မှုများ အစရှိသည်တို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှု တွေဖြစ်ပါတယ်။ အခုပြောခဲ့တာတွေဟာ အစုံအလင် မဟုတ်သေးပါ။
ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့၊ အခုလည်း ဆက်ဖြစ်နေသေးတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ်မှုတွေအောက်မှာ နေနေခဲ့ကြရတဲ့ ပြည်သူတွေဆီမှာ ဆိုးရွားတဲ့ အိပ်မက်ဆိုးတွေ များစွာ ပိုင်ဆိုင်ထားကြပါတယ်။ ကျနော်တို့လူ့အဖွဲ့အစည်းဟာ Trauma Society ပါ။ စိတ်ဒဏ်ရာတွေနဲ့ ပြည်နှက်နေတဲ့ လူ့အဖွဲ့အစည်းလို့ ပြောရင်တောင်မှားမယ် မထင်ပါဖူး။ ဒီလိုဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းတရားကတော့ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆိတ်သုဉ်းခဲ့တာရယ်၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ သူတွေကို ဥပဒေအရ အရေးယူနိုင်မှု ကင်းမဲ့ခဲ့တာတွေက အဓိက အကြောင်းတရားတွေပါ။
ဒီလိုဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျနော်တို့ မြန်မာတနိုင်ငံထဲမှာတော့ မဟုတ်ပါဘူး။ အခြားသော နိုင်ငံတွေမှာလည်း ဖြစ်ပျက်ခဲ့တာပါ။ အခြားနိုင်ငံတွေမှာ ဘယ်လိုဖြေရှင်းခဲ့သလဲ ဆိုတာ လေ့လာပြီး ကျနော်တို့နိုင်ငံမှာလည်း လက်တွေ့ကျကျ ဖြေရှင်းဖို့လိုပါတယ်။ အချို့အချို့သော သူများကတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး ဆိုတာကို ကြားရင် ငါတို့ကို ပြန်တရားစွဲတော့မှာလား၊ ငါတို့ လက်စားချေခံရတော့မှာလားဆိုပြီး စိုးရိမ်ကြတာတွေရှိပါတယ်။ တကယ်တော့ မဟုတ်ပါဖူး။ ကျနော်တို့က လူတွေမှာ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူပြုဖို့ သာ ရည်ရွယ်တာပါ။
ဒါတွေကို ကုစားနိုင်ဖို့ ဆိုတာ အတိတ်တုန်းက အာဏာရှိတဲ့သူတွေရဲ့ ကျူးလွန်ခဲ့ခြင်းတွေကြောင့် ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတွေ အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ဖို့ လိုပါတယ်။ ပြီးတော့ နစ်နာခဲ့တဲ့သူတွေအတွက် တခုခု ပြန်တာဝန်ယူပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် က နစ်နာခဲ့အောင်ပြုမှုခဲ့မှုတွေအတွက် တောင်းပန်ပါတယ် ဆိုတာကို လူသိရှင်ကြား ပြောမယ်ဆိုရင်တော့ ပြဿနာတွေရဲ့ တဝက်လောက်က အလိုလိုပြီးဆုံးသွားမယ်လို့ ထင်မိပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ အချို့လည်း အလားတူ ပြောဆိုတောင်းပန်ခဲ့တာတွေ ရှိတဲ့အပြင် နစ်နာကြေးပေးလျော်ခဲ့တာတွေတောင် ရှိခဲ့ပါတယ်။ Reparation Law (နစ်နာသူများအတွက် ပြန်လည်ကုစားခြင်း ဥပဒေ)၊ Victim Law (နစ်နာသူများအတွက် ဥပဒေ) တွေ ရေးဆွဲပြီး အမှန်တရားပေါ်ပေါက်ရေးကော်မရှင် လိုမျိုးတွေ ဖွဲ့ပြီး အတိတ်က ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းလေ့ရှိကြပါတယ်။
အရေးကြီးဆုံး ကျနော်တို့ ထပ်လိုချင်တာက အခုချိန်ကစပြီး အလားတူ အမှားမျိုးတွေ ကျနော်တို့ အချုပ်အခြာအာဏာပိုင်နက်ထဲမှာ နောက်ထပ်မဖြစ်စေဖို့နဲ့ ဖြစ်လာခဲ့ရင် ဘယ်လိုတုန့်ပြန်မှုတွေ လုပ်မလဲ ဆိုတာပါ။ အဲဒီအတွက် ဥပဒေတွေ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဥပဒေတွေ အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ပါ။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာပြည်)၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည်)